မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ဂျပန် Molten ဘောလုံးကုမ္ပဏီတို့ နှစ်ရာသီစပွန်ဆာ စာချုပ် ချုပ်ဆို

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ဂျပန် Molten ဘောလုံးကုမ္ပဏီတို့ နှစ်ရာသီစပွန်ဆာ စာချုပ် ချုပ်ဆို
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ဖေဖော်ဝါရီလ ၂၁ ရက် ။           ။ မြန်မာနိုင်ငံဘောလုံးအဖွဲ႔ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ကို ဂျပန်အခြေစိုက် Molten ဘောလုံးကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂သိန်း၈သောင်း တန်ကြေးရှိသော ဘောလုံးစပွန်ဆာများ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 အဆိုပါ ဘောလုံးစပွန်ဆာစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင်ပြုလုပ်ခဲ့ပြီး  မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်၊ ပြည်တွင်းဘောလုံးပြိုင်ပွဲ ဖြစ်သည့် မြန်မာ နေရှင်နယ်လိဂ်တို့နှင့် Molten ဘောလုံးကုမ္ပဏီတို့ တက်ရောက်ခဲ့ကြသည်။

" မြန်မာဘောလုံးတည်ထောင်တာ နှစ်ပေါင်း ၇၆ နှစ်ရှိပါပြီ။ ဒါဟာ ပထမဆုံးအကြိမ်ရရှိတဲ့ ဘောလုံး စပွန်ဆာ ဖြစ်ပါတယ်။သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါတယ်။အဲဒါကြောင့်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ကျွန်တော်အနေနဲ့ Molten ဘောလုံးအဖွဲ့အကြောင်းပြောရရင် Molten ဟာ လက်ရှိမှာ အာရှဘောလုံးအဖွဲချုပ်နဲ့ တရားဝင် စပွန်ဆာစာချုပ်ချုပ်ဆိုထားတဲ့အဖွဲဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲတွင် ပြောကြားခဲ့သည်။

 အဆိုပါစပွန်ဆာကြောင့် မြန်မာနိုင်ငံ လက်ရွေးစင်အသင်း၊ မြန်မာဘောလုံးအကယ်ဒမီ၊ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲများ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများ၊ နိုင်ငံတကာ ခြေစမ်းပွဲများအပါအဝင်  လေ့ကျင့်မည့်အချိန်တွင် အသုံးပြုမည့် ဘောလုံးများ နေရာတွင်  Molten ဘောလုံး အမျိုးအစားကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 " ထုတ်ကုန် တစ်ခုအတွက်မဟုတ်ပါဘူး။လူငယ်ဘောလုံးပြိုင်ပွဲတွေ၊ ကျောင်းတွေ ကိုထပ်ပြီး ပံ့ပိုးကူညီ သွားဖို့ရှိပါတယ် " ဟု Molten ကုမ္ပဏီမှ အထွေအထွေမန်နေဂျာ Mr.Kentaro Shimada က ပြောသည်။

ထို့အပြင် Molten ဘောလုံးကို မြန်မာနေရှင်နယ်လိဂ် ၁ ၊၂ ပြိုင်ပွဲ ကလပ်အသင်းများအတွက်လည်း လိုအပ်သည့် ဘောလုံးအရည်အတွက်ကိုလည်း ထောက်ပံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်ကုမ္ပဏီ၏ စပွန်ဆာသည် ၂၀၁၉-၂၀၂၀ ခုနှစ် ဘောလုံးရာသီများတွင် ပြည်တွင်းပြိုင်ပွဲများအတွက် အသုံးပြုမည့် ဘောလုံးများကို နှစ်ရာသီစာ ထောက်ပံ့ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

“အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေအားလုံး မှာ Molten ဘောလုံးတွေအသုံးပြုနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကလည်း အာရှ ဘောလုံး အဖွဲ့မှာ ပါဝင်နေပါတယ်။ ကျွန်တော်တို့ကစားတဲ့ နိုင်ငံတကာပြိုင်ပွဲတွေ၊ သက်တမ်းအလိုက်ပြိုင်ပွဲတွေ၊ကလပ်ပြိုင်ပွဲတွေ မှာအဓိက Molten ဘောလုံးတွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ အမြဲတမ်းပြိုင်ပွဲဝင်နေရတဲ့ ဘောလုံးတွေကို ပ့ံပိုးပေးနေတဲ့ ကုမ္ပဏီကနေပြီးတော့ လာရောက် စပွန်ဆာ ပေးအပ်တာဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ဒီဘောလုံးနဲ့လေ့ကျင့်မယ်။ ဒီဘောလုံး နဲ့ပဲပြိုင်ပွဲဝင်မယ်ဆိုရင် ဘောလုံးကစားသမားတွေဟာ ပိုပြီးတော့ အကျွမ်းတဝင် ရှိမှဖြစ်ပါတယ်”ဟု ဦးဘုန်းနိုင်ဇော်က ဆက်ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Molten  တို့၏ စပွန်ဆာစာချုပ်ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Logo ပါသော ဘောလုံးထုတ်လုပ်ခွင့်ကို ရရှိမှာဖြစ်ကြောင်း လက်ရှိတွင် Molten ဘောလုံးအနေဖြင့် အပြာရောင်၊ ခရမ်းရောင် ၂ မျိုးကို ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံအတွက် ဘောလုံးအဖွဲ့ချုပ်၏ Logo ပါဝင်သော  သီးသန့် အရောင်တစ်ခုကို ထပ်မံထုတ်လုပ်ကာ  ရောင်းချအသုံးပြုသွားရန်ရှိကြောင်း သိရသည်။

 Molten ဘောလုံးကုမ္ပဏီ အနေဖြင့်လက်ရှိအချိန်တွင်  အာရှအဖွဲ့ချုပ်(AFC)။ဥရောပဘောလုံးအဖွဲ့ချုပ် (ယူရိုပါလိဂ် ) တို့တွင် တရားဝင်စပွန်ဆာပေးအပ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ် လိဂ် တို့ကို ၂ ရာသီဆက်စပွန်ဆာပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly