သထုံတွင် ဘိလပ်မြေစက်ရုံဆောက်ရန် စမ်းသပ်မှုအပေါ် ဒေသခံသဘောထားရယူခဲ့မှုအား ပြန်စိစစ်ရန် ထောက်ပြ

သထုံတွင် ဘိလပ်မြေစက်ရုံဆောက်ရန် စမ်းသပ်မှုအပေါ် ဒေသခံသဘောထားရယူခဲ့မှုအား ပြန်စိစစ်ရန် ထောက်ပြ

မော်လမြိုင် ဖေဖော်ဝါရီ ၂၁ ။         ။ သထုံမြို့နယ်အတွင်း၌ ဘိလပ်မြေစက်ရုံစီမံကိန်း တည်ဆောက်ရန်အတွက် စမ်းသပ်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက် ဒေသခံများ၏ သဘောထားရယူခဲ့မှုအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်စိစစ်စေလိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်  ပြောသည်။

ဖားပိန်တောင်လုပ်ကွက်(၁)နှင့် ဝင်းဖုန်းတောင်လုပ်ကွက်(၂)တဝိုက်ရှိ မြေဧက ၄၉၆.၄၈ ဧကအား TWP Co.,Ltd မှ ဘိလပ်မြေစက်ရုံစီမံကိန်းတည်ဆောက်ရန် စမ်းသပ်မှုနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို စစ်ဆေးရာတွင် ဒေသခံများထံမှ သဘောထားမှတ်ချက်ရယူခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကုမ္ပဏီမှ သဘောထားမှတ်ချက် ရယူခဲ့ခြင်းအပေါ်  ဒေသခံများက ဘာမှန်းမသိဘဲ လက်မှတ်ရေးထိုးခဲ့ရခြင်း ဖြစ်ပြီး  အဆိုပါကိစ္စအားပြန်လည်စိစစ်ရန် ဒေါ်ခိုင်ခိုင်လဲ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ ရင်းနှီးမှုလုပ်ငန်းတိုင်း မှာ ဒေသခံတွေရဲ့ သဘောထားက ကျွန်တော်တို့ကြည့်လိုက်ရင် Procedure (လုပ်ထုံးလုပ်နည်း)အရ ရကို ရယူ ရမယ် ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအခုလျှောက်တဲ့ ကုမ္ပဏီပဲဖြစ်ဖြစ်၊ ကျန်တဲ့မွန်ပြည်နယ်မှာရှိတဲ့ ဒေသအသီးသီး မှာ ဆောင်ရွက်မယ့်လုပ်ငန်းပဲဖြစ်ဖြစ်၊ ဒေသခံသဘောထားပါရမယ့်အချက်ကို လေးစားပြီးတော့ ပြည်နယ်အစိုးရက နေပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်  ဝန်ကြီးက လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံများထံမှ သဘောထားမှတ်ချက်ကောက်ယူခဲ့ပြီးမှ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့မှုအပေါ်တွင် ပြန်လည်စိစစ်သင့်ကြောင်း သထုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ထပ်ဆင့်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါဒေသမှာ ငြိမ်းချမ်းရေးယူထားသောဒေသဖြစ်ခြင်းကြောင့် အပစ်ရပ်စာချုပ် NCA တွင် ပါရှိသည့် ကြားကာလ၌ ဆောင်ရွက်မည့် အစီအစဉ်ထဲတွင်  အပစ်/ရပ်ဒေသတွင်း ကြီးမားသော စီမံကိန်းများ လုပ်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့( EITI )ရဲ့ လုပ်ထုံး၊ လုပ်နည်းအတိုင်း ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဒေသခံပြည်သူလူထု တကယ်နားလည်သဘောပေါက်လာအောင် ရှင်းပြပေးရန် ရှိ/မရှိကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ထပ်ဆင့်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ ဒီဟာတွေက ကျွန်မမဲဆန္ဒနယ်မြေထဲမှာ ရှိနေသလို၊ KNU တပ်မဟာ(၁)နယ်မြေထဲမှာလည်း ရှိနေတယ်။ ပြောရမယ်ဆိုရင် NCA ထိုးထားတဲ့ အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတဲ့တောင်လည်း ဖြစ်တယ်။ ဒီတောင်က သဘာဝပတ်ဝန်းကျင်၊ အလှအပတွေနဲ့ အရမ်း ပြည့်စုံနေတယ်။ Eco Tourism လုပ်မယ် ဆိုရင် လည်း တကယ့်ကို ဆွဲဆောင်မှုရှိတဲ့နေရာတစ်နေရာလည်း ရှိပါတယ်။ သက်တမ်းရင့် ထုံးကျောက်ပန်းဆွဲ တွေ၊ အဲဒီ လိုဏ်ဂူက အဓိက ကျောက်သွေး ထွက်နေတယ်။ ကျောက်သွေးတွေက တန်ဖိုးကြီးတယ်။ တရုတ်ကလည်း ဒီ ကျောက်သွေးကို တအား လိုချင်နေကြတယ်။ ရှားပါးတဲ့ဂူအမျိုးအစားလည်း ဖြစ်နေတယ်ဆိုတော့ ဒီနေရာမှာ ဘိလပ်မြေစက်ရုံလုပ်ဖို့အတွက် ဆိုပြီးတော့ ဒီ ဒေသက တိုးတက်သွားမှာလား ပြောင်းလဲသွားမှာလား၊ Eco Tourism လုပ်ငန်းလိုမျိုးဆို မီးခိုးလည်း မထွက်ဘူး၊ တစ်ခုမှလည်း အပဲ့အရွှဲ့ မဖြစ်ဘူးလေ၊ စဉ်းစားရမယ်လေ။ ဒီနေရာမှာ ကောင်းတာလုပ်တာနဲ့ ဆိုးတာ လုပ်တာမျိုးဆိုတာထက် ဒီကောင်းကျိုးနဲ့ဆိုးကျိုးကို နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်လို့ ကျွန်မမြင်မိပါတယ်” ဟု သထုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

သထုံမြို့နယ်အတွင်းရှိ ဖားပိန်တောင်လုပ်ကွက်(၁)မြေဧရိယာ ၂၅၆.၄၈ ဧကနှင့် ဝင်းဖုန်းတောင်လုပ်ကွက် (၂) မြေဧရိယာ ၂၄၀ ဧက အနီးတဝိုက်တွင် စုစုပေါင်းမြေဧက(၄၉၆.၄၈)ဧကအား ဘိလပ်မြေစက်ရုံစီမံကိန်းတည်ဆောက်ရန် ထုံးကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း)စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် TWP Co.,Ltd မှ ခွင့်ပြုချက် တောင်းခံထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly