ကုမ္ပဏီတစ်ခုထံမှ လုပ်အားခ မရဟုဆိုကာ လူ ၁၂ ဦးက မြိတ်မြို့၌ ရှင်းလင်းပွဲ ပြုလုပ်

ကုမ္ပဏီတစ်ခုထံမှ လုပ်အားခ မရဟုဆိုကာ လူ ၁၂ ဦးက မြိတ်မြို့၌ ရှင်းလင်းပွဲ ပြုလုပ်

မြိတ်၊ ဖေဖော်ဝါရီ ၂၀ ။          ။တနင်္သာရီတိုင်း မြိတ်မြို့နယ် တောင်ရှည်ကျေးရွာအုပ်စုနှင့် မဇောကျေးရွာအုပ်စုတို့တွင် ကုမ္ပဏီတစ်ခုမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်း ၂ ရပ်အား ပြီးစီး၍ တိုင်းအစိုးရအဖွဲ့သို့ လုပ်ငန်းအပ်နှံပြီး ဖြစ်သော်လည်း အလုပ်သမားအချို့မှာ လုပ်ခငွေကြေးများအား မရသေးဟု ဆိုကာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယင်းကုမ္ပဏီ V.S.C Group Co.ltd မှ မန်နေဂျာ ဦးမျိုးလွင် အပါဝင် အလုပ်သမားများနှင့် လုပ်ငန်းသုံးပစ္စည်းများအား ကြိုတင်ထုတ်ပေးသူပိုင်ရှင်များ စုစုပေါင်း ၁၂ ဦးက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီထံမှ ငွေကြေး တစ်ဦးလျှင် ကျပ် ၁ သိန်းမှ ၃၀ သိန်းကျော်အထိ ရရန်ရှိကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

 “ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ဦးမောင်အေးက သူ့လုပ်ငန်းခွင်ဖြစ်တဲ့နေရာမှာ အလုပ်သမားတချို့နဲ့ ကျွန်တော်တို့ကို လာရှင်းပေးရမှာကို ဒီ အထိ ဘယ်လိုပဲခေါ်ခေါ် မလာတဲ့အတွက်ကြောင့် အခက်အခဲတွေအများကြီး ဖြစ်နေတာပါ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ အလုပ်သမားတွေ အနေနဲ့ ဖြစ်ချင်တာက ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့ရုံးအနေနဲ့ အဖွဲ့စည်းတစ်ခု ဖွဲ့ပြီးတော့ ဒီကုမ္ပဏီပိုင်ရှင်နဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို လုပ်ငန်းခွင်ရှိတဲ့နေရာမှာ စုံညီရှင်းလင်းပေးစေချင်ပါတယ် ” ဟု V.S.C Group Co.ltd တွင် အထွေထွေမန်နေဂျာအဖြစ် လက်ရှိတာဝန်ယူနေသူ ဦးမျိုးလွင်က ပြောသည်။

ကုမ္ပဏီအနေဖြင့် တောင်ရှည်ကျေးရွာအုပ်စုရှိ တောင်ရှည်- တောင်ညို ကျေးရွာချင်းဆက် ကျောက်ခင်း လမ်း (၂) မိုင်နှင့် ပလုံးကျေးရွာ- ဘန်မဲ့ကျေးရွာနှင့် တက်လက်ငယ် ကျေးရွာတို့ ကို ရေပေးဝေရေးလုပ်ငန်းများ အတွက် V.S.C Group Co.ltd မှ ၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာဘတ်ဂျက်ငွေ ၂၁၂.၉ သန်း ဖြင့် လုပ်ပိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။

ကုမ္ပဏီပိုင်ရှင်ဖက်ကမူ ငွေကြေးစာရင်းဇယားများအား သက်ဆိုင်ရာမန်နေဂျာမှ တင်ပြထားခြင်း မရှိသော ကြောင့်ဖြစ်ပြီး တိမ်းရှောင်နေခြင်း မဟုတ်ကြောင်း ပြောသည်။

“ကျွန်တော်က လုပ်အားခနှင့် ပေးရန်ရှိတဲ့ငွေကြေးတွေကို ပေးဖို့ တိမ်းရှောင်နေတာ မဟုတ်ပါဘူး၊ ကျွန်တော့် မန်နေဂျာက ငွေကြေးပိုင်းမှာ နည်းနည်း အရှုပ်အရှင်းလုပ်ထားလို့ပါ၊ ဘာကို ဆိုလိုတာလဲဆိုတော့ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ စာရင်းဇယားတွေ မတင်ပြနိုင်ဘူး၊ တချို့ကိစ္စတွေမှာဆိုရင် ကျွန်တော်က မခိုင်းဘဲနဲ့ ပိုက်ဆံ မရှိဘူး ဆိုပြီး၊ မန်နေဂျာအနေနဲ့ အပြင်မှာ ငွေတွေကို လိုက်ချေးတာတွေမျိုး၊ သူ့ကိုယ်ကျိုးအတွက် သုံးစွဲပြီး စာရင်းလိမ်တောင်တွေ ရှိနေတယ်”ဟု V.S.C Group Co.ltd ပိုင်ရှင် ဒါရိုက်တာ ဦးမောင်အေးက ပြောသည်။

အထက်ပါကုမ္ပဏီမှ ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်ကျောက်ခင်းလမ်း (၂) မိုင်ကို နိုင်ငံတော် ခွင့်ပြုငွေ (၁၈၅.၀၀) သန်းနှင့် ကျေးရွာရေပေးဝေရေးလုပ်ငန်းများအတွက် (၂၇.၉၀) သန်း စုစုပေါင်း (၂၁၂.၉) သန်းတို့ လုပ်ပိုင်ခွင့် ရထားပြီး၊ လက်ရှိမှာ ယင်းလုပ်ငန်း (၂) ရပ်လုံး အစမှအဆုံးအထိ ပြီးစီး၍ ၂၀၁၈ ခုနှစ်၊ မတ်လတွင် တိုင်းအစိုးရကို အပ်နှံလိုက်ပြီးဖြစ်သည်ဟု သိရသည်။

မဇောကျေးရွာအုပ်စု၊ ဘန်မဲ့ကျေးရွာနေ ဦးအေးငယ်က“ ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး ကျွန်တော့မှာ ရရှိမှာက သိန်း ၃၀ ပါ။ ရေကန်အတွက် ဆောက်လုပ်ဖို့ ရွာသားတစ်ယောက်အနေနဲ့ စိုက်ထုတ်ငွေနှင့် ချေးငွေတွေ ဖြစ်ပါတယ်၊ အခုချိန်အထိတော့ ရရှိခြင်းမျိုး မရှိသေးဘူး ” ဟု ပြောဆိုသည်။

ယင်းကုမ္ပဏီထံမှ ရရှိရန် ငွေကြေးများကို တောင်းဆိုထားသူ ၁၂ ဦးကို ယနေ့အချိန်အထိ လာရောက် ပေးဆောင်ခြင်း မရှိသေး၍ သက်ဆိုင်ရာ ဌာနအသီးသီးနှင့် တိုင်းအစိုးရအဖွဲ့သို့ တိုင်ကြားထားသော်လည်း ကုမ္ပဏီပိုင်ရှင်နှင့်မန်နေဂျာတို့ ၂ ဦး ၂ ဖက်မှ တရားဥပဒေအရ ဖြေရှင်းကြရန် အစိုးရဖက်မှ ပြန်လည်အကြောင်း ပြန်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly