အမေရိကန် လုပ်ရပ်အပေါ် မူတည်ပြီး ဒုံးကျည်သစ်တွေ ဖြန့်ကြက်ချထားမယ်လို့ ပူတင် သတိပေး

အမေရိကန် လုပ်ရပ်အပေါ် မူတည်ပြီး ဒုံးကျည်သစ်တွေ ဖြန့်ကြက်ချထားမယ်လို့ ပူတင် သတိပေး

မော်စကို၊ ဖေဖော်ဝါရီ ၂၀ ။              ။ အမေရိကန်ကနေပြီး ဥရောပဆီ ဒုံးကျည်တွေ ပေးပို့ခဲ့ရင် ဆုံးဖြတ်ချက်ချရာစင်တာတွေကို ပစ်မှတ်ထားပြီး ရုရှနိုင်ငံအနေနဲ့ ဒုံးကျည်သစ်တွေ ဖြန့်ကြက်ချထားရလိမ့်မယ်လို့ သမ္မတ ပူတင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

စစ်အေးခေတ်က ရုရှနဲ့ အမေရိကန်ကြား ချုပ်ဆိုထားတဲ့ တားလတ်ပစ်ဒုံးကျည်တွေ တားဆီးရေး INF ပဋိညာဉ်ကို ရုရှက ချိုးဖောက်တာကြောင့် နုတ်ထွက်မယ်လို့ အမေရိကန်က ပြောဆိုထားချိန်မှာ ပူတင်က ခုလို ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

“ဥရောပမှာ ဒီလိုဒုံးကျည် ဖြန့်ကြက်တာမျိုးကို ဦးဆုံးလုပ်ဆောင်ဖို့ ရုရှနိုင်ငံက ရည်ရွယ်ချက် မရှိဘူး။”လို့ နှစ်ပတ်လည်နိုင်ငံတော် မိန့်ခွန်းမှာ ပူတင်က ပြောပါတယ်။

INF သဘောတူညီမှုကနေ နုတ်ထွက်မယ်လို့ သတိပေးခြိမ်းခြောက်ထားတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်အတိုင်း ရုရှနိုင်ငံကလည်း အမေရိကန်ကို ပြန်လည်စွပ်စွဲပြီး သဘောတူညီမှုက နုတ်ထွက်မယ်ဆိုကာ တန်ပြန်တုံ့ပြန်ထားတာပဲ ဖြစ်ပါတယ်။

“အမေရိကန်ဟာ ဒုံးကျည်တွေ ဖြန့်ကြက်ပြီး ဥရောပမှာလည်း ဖြန့်ကြက်လာတယ်ဆိုရင်တော့ ဒါဟာ နိုင်ငံတကာရဲ့ လုံခြုံရေးအခြေအနေကို ပိုမိုဆိုးဝါးစေတာဖြစ်ပြီး ရုရှနိုင်ငံကိုလည်း ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ရာလည်း ရောက်ပါတယ်။”လို့ ပူတင်က ပြောပါတယ်။

“ကျွန်တော် ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့ ဒုံးကျည်စနစ်တွေရဲ့ နောက်ကွယ်က ဆုံးဖြတ်ချက်ချရာ စင်တာတွေကို ရုရှနိုင်ငံကလည်း ပစ်မှတ်ထားပြီး ဒုံးကျည်တွေ ဖြန့်ကြက်ရတော့မှာပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

INF သဘောတူညီမှုကို ၁၉၈၇ ခုနှစ်မှာ အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂိုဘာချော့ဗ်တို့က သဘောတူလက်မှတ်ထိုးခဲ့တာဖြစ်ပြီး အနောက်နိုင်ငံ မြို့တော်တွေဆီ ချိန်ရွယ်ထားတဲ့ ဆိုဗီယက်ရဲ့ နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်တွေအရေးကို ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required