ဧရာဝတီမြစ်ကြောင်းအတွင်း ပြေးဆွဲနေသောရေယာဉ်များ စည်းကမ်းမလိုက်နာပါက အရေးယူမည်

ဧရာဝတီမြစ်ကြောင်းအတွင်း ပြေးဆွဲနေသောရေယာဉ်များ စည်းကမ်းမလိုက်နာပါက အရေးယူမည်
(ဓါတ္ပုံ၊ဘိုဘိုဟန္)

မန္တလေး၊ဖေဖော်ဝါရီ ၂၀ ။       ။   ဧရာဝတီမြစ်ကြောင်းအတွင်းပြေးဆွဲနေသည့် ရေယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းများကို မလိုက်နာပါက အရေးယူမှုများလုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသန့်စင်ဦးက မဇ္ဈိမကိုပြောသည်။

ထိုသို့အရေးမယူခင် ရေယာဉ်ပိုင်ရှင်များနှင့်ရေယာဉ်မောင်းများကို ပညာပေးဆွေးနွေးမှုများပြုလုပ်လျက်ရှိနေပြီး ပညာပေးဆွေးနွေးမှုများ လုပ်ဆောင်ပြီးပါက အရေးယူမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေယာဉ်များ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဖေဖော်ဝါရီလ ၁၄ ရက်က ညောင်ဦးမြို့နယ်၊ပုဂံမြို့ဟောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ပညာပေးဆွေးနွေးတာတွေပြီးရင်တော့ အရေးယူမှုတွေလုပ်ပါမယ်။ခရီးသည်တွေရဲ့ဘေးကင်းရေးက အရေးကြီးတယ်၊။စည်းကမ်းမလိုက်နာလို့မဖြစ်ဘူး။"ဟု ဦးသန့်စင်ဦးကပြောသည်။

ရေယာဉ်လုပ်ငန်းလိုင်စင်ရှိမရှိ၊ သတ်မှတ် ခရီးသည်ထက် ပိုတင်ဆောင်လာခြင်း ရှိမရှိ၊ အသက်ကယ်လေအိတ် နှင့် အသက်ကယ်အင်္ကျီ ပါရှိခြင်း ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးသွားမည်ဖြစ်ပြီး ထိုသို့စစ်ဆေးရာတွင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ရေကြောင်းရဲတပ်ဖွဲ့၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စသည့် အဖွဲ့များမှ ရှောင်တခင် စစ်ဆေးခြင်း၊စောင့်ကြည့် စစ်ဆေးများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတမ်းနှင့်ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေများနှင့် ရေယာဉ် ပိုင်ရှင်များ၊ရေယာဉ်မောင်းများနှင့်ခရီးသည်များ လိုက်နာရမည့် စည်းကမ်းချက်များပါသည့် ဗီနိုင်းများကိုလည်း ဆိပ်ကမ်းများတွင် စိုက်ထူးထားမည်ဖြစ်ကြောင်း စည်းကမ်းမလိုက်နာမှုများကို စတင်အရေးယူမည့်ရက်ကို သတ်မှတ်ထားခြင်း မရှိသေးဘဲ လတ်တလောတွင် ပညာပေးဆွေးနွေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required