မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် လုပ်ဆောင်နေ

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် လုပ်ဆောင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။         ။ ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း အာရှ-ပိစိဖိတ် ယူနက်စကိုက သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ဦးမြို့သည် သမိုင်းဝင်ရခိုင်နိုင်ငံ၏ မြို့တော်တစ်ခုဖြစ်ခဲ့ပြီး ရှေးယခင်က စစ်တပ်များတွင် ကျင့်သုံး ခဲ့သော လက်ရာများ၊ ရှေးဟောင်းစေတီပုထိုးများနှင့် ရခိုင်တို့၏ရိုးရာယဉ်ကျေးမှု အနုလက်ရာများ မြောက်များ စွာတည်ရှိနေသောကြောင့် ၂၀၂ဝတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် လေ့လာမှုများကို အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယူနက်စကိုက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရပါက နိုင်ငံတကာမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများက မြောက်ဦးသို့ လာရောက်မည်ဖြစ်သောကြောင့် အဆိုပါဒေသအတွင်း နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ ဒေသ လူ့အဖွဲ့အစည်း၏ အလုပ်ကိုင်အခွင့်အလမ်းနှင့် စီးပွားရေးတို့ တိုးတက်လာမည်ဖြစ်ကြောင်း မြောက်ဦး ရှေးဟောင်း သုတေသနဦးစီးဌာနမှ သတင်းမီဒီယာများကို ထုတ်ပြန်ထားသည်။

ထို့အပြင် မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် မြောက်ဦးရှေးဟောင်း သုတေသနဦးစီးဌာနမှ ကော်မတီများဖွဲ့ကာ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းတတ်စေရေးအတွက် ဒေသခံများကို အသိပညာပေးဟောပြောခြင်းများလည်း လစဉ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးဟူ၍ သမိုင်းအစဉ်အလာကြီးမားခဲ့သော ခေတ်ကြီးလေးခေတ် ပေါ်ထွန်းခဲ့ပြီး မြောက်ဦးခေတ်သည် ယဉ်ကျေးမှုရေးရာတို့တွင် သာမက စီးပွားရေးနှင့် လူမှုရေးတို့တွင်လည်း ထင်ရှားကျော်ဇောခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့တော်များအနက် လက်ရှိတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး စသည့်ရှေးဟောင်းမြို့သုံးမြို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး  မြန်မာယာဉ်ကျေးမႈအမွေအနှစ်တွေရှိသော ပုဂံကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယဉ်ကျေးမူဝန်ကြီးဌာနက ကြိုးပမ်းမှုများလည်း ရှိခဲ့သည်။

ယခုအခါ ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ထပ်မံဆောင်ရွက် လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required