တွံ့တေးရှိ စံချိန်စံညွှန်းမညီသော ရေသန့်လုပ်ငန်းများကို အရေးယူ

တွံ့တေးရှိ စံချိန်စံညွှန်းမညီသော ရေသန့်လုပ်ငန်းများကို အရေးယူ
ဓာတ်ပုံ-YGN FDA

ဖေဖော်ဝါရီ ၂၀ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ ထုတ်လုပ်မှုအပိုင်းတွင် စံချိန်စံညွှန်းနှင့် မကိုက်ညီသဖြင့် အကြီးစား ပြုပြင်ရန်နှင့် ယာယီပိတ်သိမ်းအရေးယူမှု များ ရှိခဲ့သည်ဟု ရန်ကုန်တိုင်း FDA မှ ထုတ်ပြန်သည်။

တွံတေးမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်းများ အား ဖေဖော်ဝါရီလ ၂၀ ရက်က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ပြီး “သောက်ရေသန့်လုပ်ငန်းများမှာ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသဖြင့် အကြီးစားပြုပြင်ရန်နှင့် ယာယီရပ်ဆိုင်း ပိတ်သိမ်းအရေးယူခဲ့ခြင်း”  ဖြစ်သည်ဟု သိရသည်။

GMP နှင့်အညီ ပြန်လည်ပြုပြင်ရန်၊ ပြုပြင်ဆောင်ရွက်နေစဉ်အတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းမပြုရန် ညွန်ကြားခဲ့ပြီး လိုက်နာမှုမရှိပါက အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်အား ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း လုပ်ငန်းများအား ခံဝန်ကတိရေးထိုး အရေးယူခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ-ရန်ကုန်(FDA) မှ ထုတ်ပြန်သည်။

မည်သည့်ရေသန့်အမှတ်တံဆိပ်များဖြစ်ကြောင်း FDA မှ မဖော်ပြထားခဲ့ဘဲ ၂၀၁၉ ခုနှစ်အတွင်း တစ်လလျှင် ၄ မြို့နယ်အထိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး အရေးယူမှုများ လုပ်သွားမည် ဖြစ်သည်ဟု FDA မှ ကြေညာထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ဝင်ရောက်စစ်ဆေးရာ သောက်ရေသန့်လုပ်ငန်း တစ်ခုသာ စံချိန်စံညွှန်းအညီ ထုတ်လုပ်ကြောင်း တွေ့ရှိရပြီး အခြား ကိုက်ညီမှုမရှိသော လုပ်ငန်းများကို ပိတ်သိမ်းအရေးယူခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး၌ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အတွက် စိစစ်ထောက်ခံထားသည့် သက်တမ်းရှိ ရေသန့် လုပ်ငန်းပေါင်း ၃၀၀ ကျော်ရှိပြီး FDA တွင် မှတ်ပုံမတင်ထားသော ရေသန့်များလည်း စျေးကွက်အတွင်း ရောင်းချမှုများ ရှိနေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly