Rin Saroth ကို ပွဲသိမ်းကွက်ဖြင့် အမြန်ဆုံး အဆုံးသတ်မည်ဟု တီရဲလ်ထန် ကြုံးဝါး

Rin Saroth ကို ပွဲသိမ်းကွက်ဖြင့် အမြန်ဆုံး အဆုံးသတ်မည်ဟု တီရဲလ်ထန် ကြုံးဝါး

တီရဲလ်ထန်သည် လာမည့် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပမည့် ONE: Reign of Valor ပြိုင်ပွဲကြီးတွင် ကမ္ဘောဒီးယား ကစားသမား Rin Saroth နှင့် ONE ၆၈ ကီလိုတန်း၊ ကတ်ချ်ဝိတ်တန်းတွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အမိနိုင်ငံသို့ ပြန်လည်ခြေချခွင့်ရမည့် အခွင့်အရေးနှင့်အတူ မြန်မာပရိတ်ပေါင်းမြောက်များစွာ ပြည့်နှက်နေမည့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ယှဉ်ပြိုင်ခွင့်ရရှိခြင်းမှာ တီရဲလ်ထန်းအတွက် အလွန်ပင် ဂုဏ်ယူ ဝမ်းသာစရာ အခြေအနေဖြစ်ခဲ့သည်။

“ကျွန်တော် မြန်မာပြည်က ပရိသတ်တွေနဲ့ အရမ်းကိုတွေ့ချင်နေပါပြီ။ အမိမြေကို ပြန်လာရမှာမို့လည်း စိတ်လှုပ်ရှားနေပါတယ်၊ အရမ်းလည်း ဝမ်းသာတယ်။ ဝမ်းသာလွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိဘူး”ဟု တီရဲလ်ထန်းက ၎င်း၏ ပီတီကို ဖွင့်ဟခဲ့သည်။

အာရှတိုက်၏ အကြီးမားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းတွင် ပါဝင်ခွင့် ရခဲ့သည့်အတွက် တီရဲလ်ထန်သည် အလွန်ပင် စိတ်လှုပ်ရှားခဲ့သည်။ ၎င်းကို ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရေးအတွက် အောင်လအန်ဆန်က များစွာ ကူညီပံ့ပိုးပေးခဲ့သည်။

“လေ့ကျင့်မှုအပိုင်းမှာ ကိုအောင်လက ကျွန်တော်ကို အများကြီး အကူအညီပေးပါတယ်။ တစ်ချို့ ကျွန်တော်မသိတဲ့ အရာတွေကို ကိုအောင်လဆီ မေးရတယ်။ ကိုအောင်လက ဘယ်လိုလုပ်ရတယ်ဆိုတာ သင်ပြပေးပါတယ်” ဟု တီရဲလ်ထန်က ဆိုသည်။

တီရဲလ်ထန်သည် အောင်လအန်ဆန်နှင့်အတူ Hard Knocks 365 လေ့ကျင့်ရေးရုံတွင် အပြင်းအထန် လေ့ကျင့်လျက်ရှိပြီး Rin Saroth ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

“ကျွန်တော်တို့ ပြိုင်ပွဲအတွက် မနက်အစောကြီးကတည်းက လေ့ကျင့်ခန်း စဆင်းကြပါတယ်။ တစ်ပတ်လုံး ပြင်းပြင်းထန်ထန်လေ့ကျင့်ကြပါတယ်။ အခု Rin Saroth ကို ရင်ဆိုင်ရမယ့် ပွဲအတွက် ကျွန်တော် အစဉ်သင့် ဖြစ်နေပါပြီ။ သူရဲ့ အားနည်းချက် အားသာချက်တွေကိုလည်း လေ့လာထားပါတယ်။” ဟု တီရဲလ်ထန်းက ပြောကြားခဲ့သည်။

တီရဲလ်ထန်၏ ပြိုင်ဘက် Rin Saroth သည် ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်း ခမာလက်ဝှေ့ကစားသမားတစ်ဦးဖြစ်ပြီး၊ ကမ္ဘောဒီးယား ပြည်တွင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ပွဲပေါင်း ၁၁၀ တိတိ အနိုင်ရထားသည်။ ၎င်းအပြင် ONE Championship ပြိုင်ပွဲ ၂ပွဲကို အနိုင်ရထားပြီး ကြိုးဝိုင်း အတွေ့အကြုံကောင်းများစွာရှိသည်။

“ပြိုင်ဘက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို အများကြီး လေ့လာထားပါတယ်။ အထူးသဖြင့် သူက ကြိုးဝိုင်းထဲမှာ လူပူး၊ လူကပ်တာ မခံဘူး။ ချက်ခြင်းခွာတယ်။ ကျွန်တော်ကတော့ ကျွန်တော်လေ့ကျင့်ထားတဲ့ ဂျူဂျစ်ဆု၊ အမေရိကန် နပမ်း ပညာတွေနဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ ကြိုးစားသွားမှာပါ” ဟု တီရဲလ်ထန်ကဆိုသည်။

တီရဲလ်ထန် အနေဖြင့် အောင်လအန်ဆန်၏ လေ့ကျင့်သင်ကြားပေးမှု၊ ၂နှစ်ကျော်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားမှုများကြောင့် ပြိုင်ဘက် Rin Saroth ကို ဒုတိယအချီတွင်ပင် အလဲထိုးပြမည် ဟု ကြုံးဝါးပြောဆိုလိုက်သည်။

“ကျွန်တော် ဒီပွဲအတွက် လေ့ကျင့်မှုတွေ အမြဲမပြတ် လုပ်နေပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်ကတည်းက သေသေချာချာ လေ့ကျင့်ထားခဲ့လို့ အခုအခြေအနေမှာ အဆင်သင့် ဖြစ်နေပါပြီ။ Rin Saroth ကို ပထမအချီ ဒါမှမဟုတ် ဒုတိယအချီမှာ အလဲထိုးပြီး အနိုင်ယူပြမှာပါ” ဟု တီရဲလ်ထန်းက ကြုံးဝါးခဲ့သည်။

“ပရိသတ်တွေလည်း ကျွန်တေ့ာ်ကို လာအားပေးကြပါ။ ကျွန်တော်လည်း အားလုံးကို ချစ်ပါတယ်။ အခု မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေကိုလည်း အရမ်းတွေ့ချင်နေပါပြီ” လို့ တီရဲလ်ထန်က ပရိသတ်များကို စကားလက်ဆောင်ပါးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required