ရေစကြိုမြို့နယ်တွင် ရှင်မတောင်သနပ်ခါးလိမ်းပြိုင်ပွဲ ကျင်းပ

By အောင်ကျော်ဇင်
19 February 2019
ရေစကြိုမြို့နယ်တွင် ရှင်မတောင်သနပ်ခါးလိမ်းပြိုင်ပွဲ ကျင်းပ

ရေစကြို ဖေဖော်ဝါရီ ၁၉ ။              ။ မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ်၊ ရွာထောင်ကျေးရွာ၊ သက်တော်ရဘုရား ရင်ပြင်တော်ပေါ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ရှင်မတောင်ဒေသ သနပ်ခါးလိမ်းပြိုင်ပွဲ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် ရေစကြိုမြို့နယ်၊ ရှင်မတောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းပြီး (ဖေဖော်ဝါရီလ ၁၉ ရက်နေ့) တပို့တွဲလပြည်နေ့ကို မြန်မာသနပ်ခါးနေ့ဟု သတ်မှတ်ကာ ရွာထောင်ကျေးရွာ၊ သက်တော်ရဘုရားရင်ပြင်တော်ပေါ်မှာ သနပ်ခါးလိမ်းပြိုင်ပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ မြန်မာ့သနပ်ခါးကို ပြည်တွင်းကရော ပြည်ပကရော စိတ်ဝင်စားမှုရှိလာအောင်ကျင်းပရတာ ဖြစ်တယ်။ ရေစကြိုမြို့နယ်မှာ သနပ်ခါးစိုက်ဧကတွေ အတော်များများရှိနေပါတယ်။ စိုက်ပျိုးတဲ့ပမာဏနဲ့ သုံးစွဲတဲ့ပမာဏ ၊ ရောင်းလိုအားထက် ဝယ်လိုအားက နည်းနေပြီး သနပ်ခါးစျေးကွက် နှေးနေတဲ့အတွက်ကြောင့် သနပ်ခါးလိမ်း ပြိုင်ပွဲတွေ၊ သနပ်ခါးအရောင်းပွဲတော်တွေ လုပ်ပေးလိုက်ခြင်းအားဖြင့် သနပ်ခါးနဲ့ပတ်သက်လို့ လိုအပ်တဲ့ နည်း ပညာတွေ၊ သနပ်ခါးအရည်အသွေး ကောင်းတွေ ထုတ်လုပ်နိုင်ပြီး၊ သနပ်ခါးစိုက်ပျိုးတဲ့တောင်သူတွေ လိုအပ်တဲ့ နှစ်ရှည်ချေးငွေတွေ၊ နည်းပညာတွေ ပေးလိုက်မယ်ဆိုရင် နိုင်ငံခြားအထိ တင်ပို့နိုင်ပြီးတော့ နိုင်ငံခြားဝင်ငွေတွေလည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံသနပ်ခါးအသင်းဥက္ကဋ္ဌ(၃)၊ ရေစကြိုမြို့နယ်သနပ်ခါးစိုက်ပျိုးသူများအသင်း၏ အတွင်းရေးမှူး ဦးအေးခိုင်က ပြောသည် ။

ပြိုင်ပွဲကို ရေစကြိုမြိုနယ် ကုက္ကိုစု ကျေးရွာမှ ၃ ဦး၊  နီပဆေးတောကျေးရွာမှ ၄ ဦး၊ ရွာထောင်ကျေးရွာမှ ၇ ဦး ၊ သံပြာချောင်းကျေးရွာမှ ၃ ဦး ရွာသစ်ကျေးရွာ ၂ဦး ၊ ကြက်ဆူကြင်းကျေးရွာမှ ၅ ဦး မြေဖြူကျင်းကျေးရွာမှ ၇ ဦး၊  အောင်နန်းကျေးရွာမှ ၁၀ ဦး ၊ ညောင်ဘိုပင်ကျေးရွာမှ ၁ ဦး၊ သဲပုံ(အနောက်)ကျေးရွာမှ  ၂ ဦး စုစုပေါင်း ၄၄ ဦး က သနပ်ခါးအလှလိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ သနပ်ခါးလိမ်းပြိုင်ပွဲအပြင် ထမနှဲထိုးပြိုင်ပွဲလည်း ပြုလုပ်ခဲ့ပြီး စာပေဟောပြောပွဲပါ ပူးတွဲကျင်းပခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ရေစကြိုမြို့နယ်မှ သနပ်ခါးအများအပြားကို ထုတ်လုပ်နေပြီး အဆင့်မီသနပ်ခါးဖြစ်ကြောင်း ရေစကြိုသနပ်ခါးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

သနပ်ခါးအပင်သည် အပူပိုင်းဒေသစိုက်ဖြစ်သောကြောင့် မြန်မာနိုင်ငံ အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နေအိမ်ခြံဝင်းများပါ စိုက်ပျိုးကြလေ့ရှိကြသည်။

သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း တို့တွင် စိုက်ပျိုးလေ့ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required