တရားခံတစ်ဦးချင်း မည်သို့ဆောင်ရွက်ကြောင်း အသေးစိတ် မထွက်ဆိုနိုင်ဟု ရဲအုပ်ဟောင်း ချစ်ကိုကို ထွက်ဆို

တရားခံတစ်ဦးချင်း မည်သို့ဆောင်ရွက်ကြောင်း အသေးစိတ် မထွက်ဆိုနိုင်ဟု ရဲအုပ်ဟောင်း ချစ်ကိုကို ထွက်ဆို

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ။            ။ အောင်ရဲထွေးသေဆုံးမှုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုခံထားရသည့် ရဲအုပ်ဟောင်း ချစ်ကိုကို က မျက်မြင်သက်သေများဖြင့် တရားခံတစ်ဦးချင်း မည်သို့ဆောင်ရွက်ကြောင်း အသေးစိတ် မထွက် ဆိုနိုင်ဟု ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ပြုလုပ်သည့် တရားခွင်တွင်ထွက်ဆိုခဲ့သည်။

ရန်ကုန်အရှေပိုင်းခရိုင်တရားရုံးတွင် ဟာသသရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုအတွက် ပြန်ခေါ်သက်သေ အဖြစ် သန်းထွဋ်အောင်(ခ) သားကြီး၏ သူငယ်ချင်းဖြစ်သော ရဲမင်းအောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့်ရွှေပေါက္ကံနယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး)ရဲအုပ်ဟောင်း ချစ်ကိုကိုတို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ပြန်ခေါ်သက်သေတစ်ဦးဖြစ်သော ရဲမင်းအောင်က ထွက်ဆိုရာတွင် ၄င်းမှာ တရားခံပြည့်ဖြိုးအောင်နှင့် သိကျွမ်းပြီး သန်းထွဋ်အောင် နှင့် ခင်မင်သည်မှာတစ်နှစ်ခန့်ရှိကြောင်း၊ကိုလတ်၊ ပြည့်ဖြိုးဟန်၊ သန်းထွဋ်အောင်  တို့မှာ ကခုန်နေပြီး ကခုန်နေသည့်နေရာနှင့် အခင်းဖြစ်ပွားသည့် VVIP စင်၏အကွာအဝေးသည် ဝေးလွန်းသော ကြောင့် VVIP စင်ပေါ်မှ ပြဿနာအဖြစ်အပျက်ကိုမမြင်မတွေ့ရကြောင်း ဆိုခဲ့သည်။

 ဆက်လက်၍ ပြန်ခေါ်သက်သေနောက်တစ်ဦးဖြစ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ခံထားရသည့်ရွှေပေါက္ကံနယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး)ရဲအုပ်ဟောင်း ချစ်ကိုကိုအား စစ်ဆေးရာတွင် တရားခံများ၏ ရှေ့နေဖြစ်သူက သေဆုံးသူအောင်ရဲထွေးအား မည်သူက သေစေရန် အကြံဖြင့်မည်သို့ ပြုလုပ်ကြောင်းနှင့် မျက်မြင်သက်သေရှိ မရှိကို မေးမြန်းခဲ့သည်။

"ကျွန်တော်၏ စစ်ဆေးတွေ့ရှိချက် သက်သေများဖြင့် တရားခံတစ်ဦးချင်းမည်သို့ဆောင်ရွက်ကြောင်း အသေးစိတ်မထွက်ဆိုနိုင်ကြောင်း" ချစ်ကိုကိုက ထွက်ဆိုခဲ့သည်။

 ဖေဖော်ဝါရီလ ၁၉ရက်နေ့ ရုံးချိန်းတွင် အောင်ရဲထွေး သေဆုံးမှုအတွက် စွဲချက်တင်ခံထားရသည့် သန်းထွဋ် အောင်(ခ)သားကြီးနှင့်ပြည်ဖြိုးအောင် (ခ) အောင်လေး ၊ ကျော်ဇောပာန် (ခ)ကျော်ဇော တို့ကိုရုံးထုတ်ခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly