လေယာဉ်ဆင်းသက်ခ လျှော့ချပေးပါက စရိတ်သက်သာသောကိုရီးယားလေကြောင်းလိုင်းများ တိုးချဲ့ ပြေးဆွဲလာနိုင်

လေယာဉ်ဆင်းသက်ခ လျှော့ချပေးပါက စရိတ်သက်သာသောကိုရီးယားလေကြောင်းလိုင်းများ တိုးချဲ့ ပြေးဆွဲလာနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ။          ။ လေယာဉ်ဆင်းသက်ကုန်ကျစရိတ်များကို မြန်မာနိုင်ငံဘက်မှ လျှော့ချပေးပါက စရိတ်သက်သာသော ကိုရီးယား လေကြောင်းလိုင်းများ ပိုမိုတိုးချဲ့ပြေးဆွဲလာနိုင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Lee Sang-hwa က ပြောသည်။

"မြန်မာနိုင်ငံမှာ လေကြောင်းလိုင်းတစ်ခုပဲ ရှိတယ်။ ကိုရီးယားက ပြည်တွင်းလေကြောင်းလိုင်းတွေ ဒီကိုပျံသန်း နိုင်ဖို့ ရည်ရွယ်တယ်။ Positive ဖြစ်တယ်။ လာမယ်လို့လည်း ထင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက် ကနေလည်း Offer လုပ်ရမယ့်ဟာတွေ လုပ်ပေးသင့်တာတွေရှိတယ်" ဟု သံအမတ်ကြီး Lee Sang-hwa က ပြောသည်။

ကိုရီးယားသံအမတ်အနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံရုံးတွင် မီဒီယာအချို့ နှင့် တွေ့ဆုံပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ကိုရီးယားမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနေသည့် Korean Air လေကြောင်းလိုင်း တစ်လိုင်း သာ ရှိပြီး မြန်မာနိုင်ငံသို့ လေယာဉ်တစ်ကြိမ် ဆင်းသက်ပါက အမေရိကန်ဒေါ်လာ ၆၇၀၀ ကုန်ကျကြောင်း သံအမတ်ကြီးက ဆိုသည်။

အဆိုပါနှုန်းထားသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး ပိုများနေပြီး ယင်းကုန်ကျမှုကို လျော့ချမှုများရှိလာပါက လေကြောင်းလိုင်းများ ပိုပြီးပျံသန်းလာနိုင်မည်ဖြစ်ကြောင်း ကိုရီးယားသံအမတ်ကြီးက တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်၊ ဗီဇာဖြေလျော့မှုပေးပြီးနောက်ပိုင်း ကိုရီးယားခရီးသွားများ မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်မှုသည် ၁၀ ဒဿမ ၆ ရာခိုင်နှုန်းတိုးတက်လာပြီး တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံး ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကိုရီးယားခရီးသွားများ ပြည်တွင်းသို့ လာရောက်လည်ပတ်မှု လူဦးရေ ၇၀၀၀၀ ကျော်ရှိပြီး ယခုနှစ် ၂၀၁၉- ၂၀၂ဝ ရာသီတွင် ကိုရီးယားခရီးသည် တစ်သိန်းခန့် ဝင်ရောက်လာမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များဘက်မှ ခန့်မှန်းထားသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဖက်မှ ပွင့်လင်းရာသီ ခရီးသွားကာလဖြစ်သည့်အတွက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရန် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်း၊ ဖြေလျှော့ဆောင်ရွက်မှုများလုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများကို လာရောက်လည်ပတ် နိုင်အောင် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required