ရခိုင်စစ်ဘေးရှောင်များအတွက် ပြည်နယ်အစိုးရက တစ်ကြိမ် ထောက်ပံ့ထား

ရခိုင်စစ်ဘေးရှောင်များအတွက် ပြည်နယ်အစိုးရက တစ်ကြိမ် ထောက်ပံ့ထား
ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ။         ။ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်မိသားစုလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ဇန်နဝါရီလအတွင်းက တစ်ကြိမ် ထောက်ပံ့ပေးထားသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။

“ပြည်နယ်အစိုးရတင် မကပါဘူး။ လူကယ်ပြန်ကလည်း ပထမလဝက်စာ၊ နောက်တစ်လစာ ထောက်ပံ့ပေးထားပါတယ်။ ပြည်ထောင်စုရော ပြည်နယ်အစိုးရကရော ပံ့ပိုးစရာရှိတာတွေကို ပံ့ပိုးပေးထားပါတယ်” ဟု ၄င်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား တိုက်ပွဲများသည် ယခင်နှစ်၊ ဒီဇင်ဘာလအတွင်းကတည်းက ဖြစ်ပွားနေခြင်း ဖြစ်ပြီး ဒေသခံများ စစ်ဘေးရှောင်နေရသည့်အချိန်သည် ၂ လကျော် ကြာမြင့်လာပြီဖြစ်သည်။

အဆိုပါ ၂ လအတွင်း ပြည်နယ်အစိုးရက တစ်မိသားစုကို ငွေ ငါးသောင်းနှုန်းဖြင့် တစ်ကြိမ်ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ လက်ရှိတွင် ဒုက္ခသည်များသည် တဖြည်းဖြည်း တိုးလာနေပြီး ပြည်နယ်အစိုးရ ထောက်ပ့ံပေးထားသည့် ငွေငါးသောင်းကို မရရှိသည့် မိသားစုများလည်း ရှိနေသည်ဟု မြောက်ဦးမဲဆန္ဒနယ်အမတ် ဦးထွန်းသာစိန်က ဆိုသည်။

“အစိုးရပိုင်းကတော့ တစ်ကြိမ်ကတော့ ဒုက္ခသည်တွေဆီ ဆင်းပြီးတော့ တစ်မိသားစုကို ငွေငါးသောင်းစီ ထောက်ပံ့တာ တော့ ရှိပါတယ်။ ကျန်တာတော့ မကြားမိပါဘူး” ဟု ၄င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်၌ စစ်ဘေးရှောင်များအား ပိုမိုကူညီ ထောက်ပ့ံပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို မြောက်ဦးမဲဆန္ဒနယ်အမတ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ အောင်မြင်ထားသည်။

ပြည်နယ်အစိုးရကို ချထားပေးသည့် ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ရန်ပုံငွေ ကျပ် သိန်းသုံးသောင်းထဲမှ ဒုက္ခသည်များအတွက် ထုတ်ယူသုံးစွဲစေလိုခြင်းကြောင့် ယင်းအဆိုကိုတင်သွင်းရခြင်းဖြစ်သည်ဟု ဦးထွန်းသာစိန်က ဆိုသည်။

ယင်းရန်ပုံငွေကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအနေဖြင့် လိုအပ်လျှင်သုံးစွဲသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဦးဝင်းမြင့်က ဆိုသည်။

“လိုအပ်လာရင်တော့ ဒုက္ခသည်တွေအဆင်ပြေအောင် လုပ်ပေးသွားမှာပါ။ ဘယ်ရန်ပုံငွေကပဲ ဖြစ်ဖြစ်ပေါ့။ သူတို့ အခက်အခဲ မဖြစ်အောင် ကျွန်တော်တို့ ကူညီသွားမှာပါ” ဟု ၄င်းက ဆိုသည်။

စစ်ဘေးရှောင် ဒေသခံများသည် ဘူးသီးတောင်မြို့နယ်တွင် ၁၀၇၉ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်  ၉၃၇ ဦး၊ ရသေ့တောင် မြို့နယ်တွင် ၆၅၁ ဦး နှင့် ကျောက်တော်မြို့နယ်တွင် ၂၅၀၇ ဦး စုစုပေါင်း ၅၂၇၄ ဦးရှိနေကြောင်း  ရခိုင်ပြည်နယ် လွှတ်တော်က ရရှိထားသည့် အချက်အလက်စာရင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required