ကရင်အမျိုးသားပါတီ၏ မူဝါဒ သဘောထား

ကရင်အမျိုးသားပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၃၀ ။            ။ ကရင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးမန်းသိန်းရွှေက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့ခင်ဗျား -

တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ကရင်အမျိုးသားပါတီ (Karen National Party) K.N.P နိုင်ငံရေးအမြင်သဘောထားကို တင်ပြပါမယ်။ဦးစွာ ပထမခေါင်းစဉ်နှစ်ခုကို ရွေးချယ်ထားပါတယ်။ ပထမခေါင်းစဉ် ကတော့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ဒီမိုကရက်တိုင်ဇေးရှင်းနှင့် ဒုတိယခေါင်းစဉ်ကတော့ ဒီမိုကရက်တစ်ဖက် ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး တို့ပဲဖြစ်ပါတယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ဒီမိုကရက်တိုင် ဇေးရှင်းမြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးဖြစ်စဉ်ဟာ ဒီမိုကရေစီအပြောင်းအလဲကိုသွားနေတဲ့ ကာလပဲဖြစ်ပါတယ်။ ဒီမိုကရေစီမရှိတဲ့အခြေအနေကနေ ဒီမိုကရေစီကိုရှေးရှုတဲ့ ပြောင်းလဲမှုခရီးစဉ်ပဲဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေဟာ ဒီမိုကရေစီကိုရောက်နေတာမဟုတ်ဘဲ ဒီမိုကရေစီကို လျှောက်နေတဲ့ ခရီးလမ်းမှာပဲ ရှိနေတာဖြစ်ပါတယ်။

ဒီခရီးစဉ်ကိုသွားနေတဲ့ ဒီမိုကရေစီလှိုင်းမှာ နောက်ပြန်လှိုင်း(Reverse Wave)များလည်းရှိတတ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းဟာ ရွေးကောက်ပွဲဒီမိုကရေစီမှ လစ်ဘရယ် ဒီမိုကရေစီကို ကူးပြောင်းဖို့သွားနေတာဖြစ်ပြီး အမေရိကနိုင်ငံမှ ပညာရှင်ဖရန့်စစ်ဖူကူ

ယာမရဲ့အဆိုအရ ဒီမိုကရေစီကိုကူးပြောင်းဖို့ လီဗာ (၅) ချောင်း (သို့)ကုတ် (၅) ချောင်းနဲ့ မတင်ရမယ်လို့ဆိုပါတယ်။

အဲဒီကုတ်(၅)ချောင်းကတော့ -

(၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ကုတ် (Economic Growth Lever)

(၂) နိုင်ငံတည်ဆောက်ရေးဆိုတဲ့ကုတ် (State Building Lever)

(၃) တရားဥပဒေစိုးမိုးရေးဆိုတဲ့ကုတ် (Rule of Law Lever)

(၄) တာဝန်ခံအဆိုးရဆိုတဲ့ကုတ် (Accountable Government Lever)

 (၅) လူမှုနိုးကြားလှုပ်ရှားမှုကုတ် (Social Mobilization Lever) တို့ပဲဖြစ်ပါသည်။

ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးအတွက် တင်ကူးအခြေအနေ (Precondition) အချို့ရှိဖို့လိုအပ်ပါတယ်။ အဲဒီ တင်ကူးအခြေအနေများ ကတော့-

(၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိထားနှင့်ရပါမယ်။

(၂) အမှီအခိုကင်းတဲ့ လူလတ်တန်းစားဖြစ်ပေါ်လာရေးနှင့် လွတ်လပ်စွာလှုပ်ရှားနိုင်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society)လည်း ရှိထားဖို့လိုအပ်ပါတယ်။

(၃) စေစပ်ညှိနှိုင်းအဖြေရှာတတ်တဲ့ ဒိုင်ယာလော့ခ် (Dialogue)ယဉ်ကျေးမှု တစ်နည်းအားဖြင့် ဒီမိုကရေစီယဉ်ကျေးမှုဓလေ့(Democratic Culture ) တွေလည်းရှိနှင့်ပြီးသားဖြစ်ရပါမယ်။

ဒီတင်ကူးအခြေအနေ(၃)ရပ်ရှိထားမှသာ ဒီမိုကရေစီကူးပြောင်းရာမှာလွယ်ကူသွားနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါတင်ကူးအခြေအနေများအပီအပြင်ပေါ်ပေါက်လာတဲ့အထိ ဒီမိုကရက်တိုင်ဇေးရှင်းကို အချိန်ရွေ့ထားမယ်ဆိုရင်လည်း သဘာဝမကျပါဘူး။ တင်ကူးအခြေနေဖြစ်ပေါ်လာအောင်ကြိုးပမ်းရင်း တစ်ပြိုင်နက်တည်းမှာ ဒီမိုကရက်တိုင်ဇေးရှင်းကိုလည်း အကောင်အထည်ဖော်သွားရမှာဖြစ်ပါတယ်။

အဲ့ဒီလိုအခြေနေမျိုးမှာ အလွန်အန္တရာယ်ကြီးတဲ့နောက်ပြန်လှိုင်းမထိဖို့လည်း သတိထားရပါမယ်။ ပညာရှင်တစ်ဦးဖြစ်တဲ့ သောမတ်စ် ကရိုသာ(Thomas Croetha) က နောက်ပြန်လှိုင်းထိနိုင်တဲ့ အခြေအနေ(၅)ရပ်ကို တင်ပြထားပါတယ်။

(၁) စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ပါးလွန်းခြင်း။

(၂) နိုင်ငံရဲ့ဓနဟာ တစ်ခုတည်းသောသယံဇာတအရင်းအမြစ်ပေါ်မှာ မှီခိုနေရခြင်း။

(၃) အမှတ်အသားသရုပ်ဆိုင်ရာ အကွဲအပြဲများရှိနေခြင်း (Identity Base Divison) တစ်နည်းအားဖြင့် ပြည်တွင်းပဋိပက္ခဖြစ်နေခြင်း။

(၄) ဗဟုဝါဒ (Pluralism) အတွေ့အကြုံနည်းပါးခြင်း။

(၅) ဒီမိုကရက်တစ်မဟုတ်တဲ့ အိမ်နီးချင်းနိုင်ငံများရှိနေခြင်း (အထူးသဖြင့် ဒီမိုကရက်တစ်မဟုတ်တဲ့ စူပါပါဝါနိုင်ငံရဲ့ သြဇာစက်ဝန်းအတွင်းမှာ ရောက်ရှိနေခြင်း)တို့ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တိုင်ဇေးရှင်းကို အလွန်သတိထားပြီးလုပ်ဆောင်ရမယ်လို့ထင်မြင်မိပါတယ်။

ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ယခုတင်ပြမယ့် ဒုတိယခေါင်းစဉ်ကတော့ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးပဲဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နှစ်ပေါင်းများစွာက စုပေါင်းနေထိုင်လာကြတဲ့ နိုင်ငံဖြစ်ပါတယ်။ ပထမအကြိမ် ၁၈၂၄ ခုနှစ်၊ ဒုတိယအကြိမ် ၁၈၅၂ ခုနှစ်၊ တတိယအကြိမ် ၁၈၈၅ခုနှစ်မှာဖြစ်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့ ကျုးကျော်စစ်တွေကြောင့် တိုင်းရင်းသားအားလုံး သူ့ကျွန်ဘဝရောက်ခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တိုင်းရင်းသားအားလုံး တစ်ပေါင်း တစ်စည်းတည်း လွတ်လပ်ရေး ရယူဖို့ ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် ဖဆပလ၏ပဏာမပြင်ဆင်မှုညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း၏လမ်ညွှှန်မှု(၇)ချက်ကို တင်သွင်းခဲ့ပြီး တစ်ပြည်ထောင်စနစ်နိုင်ငံ(Unitary State)နှင့်သွားလို့မဖြစ်ဘူး ပြည်ထောင်စုစနစ်(Union State)နှင့်သွားဖို့ မိန့်ကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတင်သွင်းခဲ့တဲ့ လမ်းညွှန်မှု(၇)ချက်ကတော့ -

(၁) အချုပ်အခြာအာဏာပိုင်သည့် ဖွဲ့စည်းပုံဖြစ်ရမယ်။

(၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်များနဲ့တန်းတူရည်တူ ပြည်ထောင်စုဖြစ်ရမယ်။

(၃) နိုင်ငံတော်အာဏာဟာပြည်သူထံမှ ဆင်းသက်ရမယ်။

(၄) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးဘာသာမရွေးတန်းတူညီမျှမှုရှိရမယ်။

(၅) လူနည်းစုအခွင့်အရေးကိုကာကွယ်ပေးရမယ်။

(၆) ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး အချုပ်အခြာအာဏာစိုးမိုးရေးကိုဥပဒေနှင့်ထိန်းသိမ်းစောင့်ရှောက်ရမယ်။

(၇) ကမ္ဘာ့နိုင်ငံများနဲ့ ရင်ပေါင်တန်းလိုက်နိုင်အောင် နိုင်ငံတကာနှင့်ငြိမ်းချမ်းစွာဆက်ဆံသွားရမယ်လို့ လမ်းညွှန်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာပြည်ထောင်စုစနစ်ကနေသွေဖည်ပြီး တစ်ပြည်ထောင်စနစ် ကိုရောက်ရှိ သွားခဲ့တာကြောင့် တိုင်းရင်းသားများ၏ဆန္ဒနှင့် မျှော်မှန်းချက်တွေဝေးသွားခဲ့ရပြီး ပြည်တွင်းပဋိပက္ခအမြင့်ဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တာဟာ ရာစုနှစ်တစ်ဝက်ကျော်ကြာမြင့်လာခဲ့ရပါတယ်။

ပြည်တွင်းစစ်၏ဆိုးကျိုးကြောင့် တိုင်းပြည်ဓနအင်အားဆုံးရှုံးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များပြုန်းတီးခြင်းစတဲ့ ရုပ်ဝတ္ထုပစူ္စည်းတွေဆုံးရှုံးခဲ့ရတဲ့ အပြင် အချိန်ကာလကြာမြင့်စွာကုစားမှ ရနိုင်မယ့်စိတ်ပိုင်း ဆိုင်ရာပျက်စီး ဆုံးရှုံးမှုဖြစ်တဲ့တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ယုံကြည်မှု ပျက်စီးသွားတာ အဆိုးဆုံးပဲဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ ဗဟိုအစိုးရကိုလွန်ကဲစွာ အာဏာပေးထားပြီး တစ်ပြည်ထောင်စနစ်ပဲဖြစ်ပါတယ်လို့ ဥပဒေပညာရှင် ရှေ့နေကြီးဦးချန်ထွန်းကိုယ်တိုင် ဝန်ခံသွားခဲ့ပါတယ်။ ဥပဒေပညာ ရှင်တော်တော်များ များကလည်း တစ်ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီး ၁၁ နှစ်အကြာမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိပေမယ့်ရှမ်းအမျိုးသားများဦးဆောင်တဲ့ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များက  ခွဲထွက်ရေးကိုမတောင်းဆိုဘဲ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ကိုဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မှုနဲ့ ပြည်ထောင်စုဖွဲ့စည်းရေးကို ဥပဒေဘောင်အတွင်းကနေ တင်ပြခဲ့ကြပါတယ်။

ဒါပေမယ့် ပမညတခေါင်းဆောင် ဝိဓူရသခင်ချစ်မောင်နဲ့ ဖဆပလ(တည်မြဲ) ခေါင်းဆောင်ဦးဗဆွေတို့က တစ်ပြည်ထောင်စနစ်နှင့်သာ သွားသင့်တဲ့အကြောင်း ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မူကို ခွဲထွက်ရေး လို့စွပ်စွဲပြီး ကန့်ကွက်ခဲ့ကြတယ်။ နေးရှင်းသတင်းစာ၊ အထောက်တော် သတင်းစာနဲ့ ဗမာ့ခေတ်သတင်းစာများကလည်း တိုင်းရင်းသားတွေ ခွဲထွက်တော့မယ်ဆိုတဲ့ ကောလဟလ သတင်းတွေရေးသားဖြန့်ချီ ခဲ့ကြတယ်။

၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းလိုက်ပြီးနောက်ပိုင်း တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာဥပဒေဘောင်အတွင်းက တင်ပြလို့မရတော့ပါဘူး။ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုတာ တိုင်းရင်းသားများတန်းတူရည်တူအခွင့်အရေးရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်ရပါမယ်။

လူမျိုးပေါင်းစုံရောနှောနေထိုင်ကြတဲ့တိုင်းပြည်ဟာ လူမျိုးအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့သာ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ဗဟို အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကိုရေးဆွဲပိုင်ခွင့်ဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိမှသာ မိမိတို့ရဲ့အမျိုးသားရေးလက္ခဏာ (National Identity)ကိုထိန်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်တယ်။ နိုင်ငံတကာမှာလည်း ဖက်ဒရယ်စနစ်နဲ့ကျင့်သုံးတဲ့ နိုင်ငံများစွာရှိပါတယ်။ တကယ်တော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ပါဘူး။ ပေါင်းစည်းရေး သာဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်ရဲ့အကျိုးကျေးဇူးများကို ပြောရမယ်ဆိုရင်-

(၁) လူဦးရေများပြီး နယ်နိမိတ်ကျယ်ဝန်းတဲ့ နိုင်ငံတွေအတွက်အာဏာခွဲဝေမှုမျှတပြီး အုပ်ချုပ်ရေးမှာ ပိုမိုထိရောက်တာတွေ့ရပါတယ်။

(၂) လူနည်းစုကို အသိအမှတ်ပြုအခွင့်အရေးပေးထားတဲ့အတွက် ကြောင့် လူမျိုးရေးပြဿနာမရှိနိုင်ပါဘူး။

(၃) လူမျိုးကွဲပြားတဲ့နိုင်ငံမှာ ဖက်ဒရယ်စနစ်မကျင့်သုံးရက် လူအများစုက လူနည်းစုကို လွှမ်းမိုးခြယ်လှယ်နိုင်ပါတယ်။

 (၄) ဖက်ဒရယ်စနစ်ဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အာဏာသိမ်းမှုကိုလည်း ကာကွယ်တယ်။

(၅) ဗဟိုပြည်နယ်ဒေသအစိုးရတို့ရဲ့အာဏာချိန်ခွင်လျှာညီမျှအောင်ထိန်းညှိပေးနိုင်တဲ့အတွက် ပြည်ထောင်စုမပြိုကွဲနိုင်ပါဘူး။

ဒါကြောင့်မို့ ကျွန်တော်တို့ကရင်အမျိုးသားပါတီက ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးကို ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ကရင်အမျိုးသားပါတီ(Karen National Party)(KNP)ရဲ့

ရည်ရွယ်ချက်နဲ့ မူဝါဒကတော့-

(၁) တိုင်းရင်းသားအားလုံးတန်းတူညီတူအခွင့်အရေးရရှိဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊

(၂) စစ်မှန်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး၊

(၃) တိုင်းရင်းသားမိဘပြည်သူများအားလုံး လုံခြုံမှုပေးနိုင်မည့် တရားဥပဒေ စိုးမိုးမှုဖြစ်ပေါ်ရေး၊

(၄) ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို သိရှိနားလည်းပြီး ဒီမိုကရက်တစ်ယဉ်ကျေးမှုဓလေ့ကိန်းအောင်း ရှင်သန်နိုင်ရေး၊

(၅) ကရင်အမျိုးသားထုတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရေးတို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားမိဘပြည်သူများအားလုံး ကိုယ်ရောစိတ်ပါရွှင်လန်းချမ်းမြေ့ပြီး လိုရာဆန္ဒများရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကရင် အမျိုးသား ပါတီ

 ၁။  ပါတီအမည်  -  ကရင် အမျိုးသား ပါတီ
 ၂။  ပါတီအမည်(English)  -  Karen National Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂.၆.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  (၁၅)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  မန်းကျော်ငြိမ်း။ မန်းမြင့်စိုး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၆.၇.၂၀၁၄
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၈.၂၀၁၄
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၄.၁၀.၂၀၁၄
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၈)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၆၃၆)၊ခဝဲခြံ(၁) လမ်း၊ အနောက် ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၉၃၂၉၈၄၉၊ ၀၉-၄၄၈၀၂၁၉၂၃
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly