လူ့ဘောင်သစ်ဒီမိုကရက်ပါတီ၏ မူဝါဒ သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၃၀ ။           ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော ပြည်သူအပေါင်းတို့ခင်ဗျား -

မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါတယ်။

လွှတ်တော်အတွင်းမှာ လူထုရဲ့အသံတွေ ညံဖို့လျှံဖို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါစို့လို့ တိုက်တွန်းမေတ္တာရပ်ခံပါရစေ။ အဲဒီလိုမေတ္တာရပ်ခံတော့ ကျွန်တော်တို့ပါတီနဲ့ ပတ်သက်လို့ ဘာလဲဘယ်လဲဆိုတာကို ရှင်းလင်းတင်ပြခွင့်ပြုပါ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ၂၄ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်မှတ်ပုံတင်ခွင့်ရရှိခဲ့ရတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ DPNS ၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ ကျောင်းသားဘဝကနေ ကနေ့ထိ ၂၇နှစ် ၂၈ နှစ်လုံးလုံး ပြည်သူတွေနဲ့အတူ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ အတူ၊တိုင်းရင်းသားတွေနဲ့အတူ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ရုန်းကန်လှုပ်ရှားမှုတွေထဲမှာ တစိုက်မတ်မတ် တစ်ရက်မှမနားဘဲနေရာ အသီးသီးမှာ ပါဝင်ခဲ့သူတွေဖြစ်ကြပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီမိုကရေစီထွန်းကားဖို့ တိုင်းရင်းသားများရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ရုန်းကန်လှုပ်ရှားမှုတွေထဲမှာ တစိုက်မတ်မတ် တစ်ရက်မှပြည်သူတွေနဲ့အတူ အကန့်အသတ်အတားအဆီးတိုင်းကို ရင်ဆိုင်ဖို့ကျော်လွှားဖို့ အဆင်သင့်ရှိနေတယ်ဆိုတာကိုလည်း ပြည်သူအပေါင်းကို ကတိပြုပြောကြားလိုပါတယ်။

ဆက်ပြီးတင်ပြလိုတာက DPNS ဘာကို ယုံကြည်သလဲဆိုတာဖြစ်ပါတယ်။ ပါတီဟာ ကျွန်တော်တို့ဟာ လွတ်လပ်မှုကိုမြတ်နိုးတယ်။ တန်းတူရေးကို အလေးထားတယ်။ သွေးစည်းညီညွတ်မှုကို ဆုပ်ကိုင်တယ်။ ကျွန်တော်တို့ဒီနေ့ဒီမိုကရေစီရေးပြောင်းလဲမှုတွေ စစ်စစ်မှန်မှန် ဖြစ်ပေါ်လာဖို့ရှေ့ဆက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ နက်နက်ရှိုင်းရှိုင်းဖြစ်ဖို့ကြိုးစားအားထုတ်နေကြတယ်။ ဒီနေရာမယ် မမျှတမှုတွေ၊ တန်းတူရည်တူမရှိမှုတွေကို နေရာအနှံ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာတွေ့ရှိနေရတယ်။ ကျွန်တော်တို့ပါတီဟာ တန်းတူရေးနဲ့ တရားမျှတမှုကို အခိုင်အမာတောင်းဆိုတယ်။ ဒါဟာဒီမိုကရေစီရဲ့ အသက်ဖြစ်တယ်လို့

ကျွန်တော်တို့ပါတီကယုံကြည်တယ်။ တိုင်းပြည်မှာ ခေါင်းပုံဖြတ်မှုတွေ၊သွေးစုပ်မှုတွေ၊ လက်ဝါးကြီးအုပ်မှုတွေကို နိုင်ငံရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။တိုက်ဖျက်သွားမှာလည်း ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ကို တကယ်ပဲတန်းတူတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ဖို့ဆိုရင် ဒီမိုကရေစီအခြေအနေတွေ အပြည့်အဝရှိလာဖို့ အချိန်ယူရလိမ့်မယ်။

လူတစ်ဦးချင်းဆီမှာ တူညီတဲ့တန်ဖိုး၊ တူညီတဲ့ဂုဏ်သိက္ခာ၊ တူညီတဲ့အခွင့်အရေးတွေဟာ မွေးကတည်းက တည်ရှိပြီးဖြစ်တယ်ဆိုတဲ့ အသိကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေ ဖို့လိုတယ်။ဒီလို အမြစ်တွယ်မှ နိုင်ငံရေးဟာတရားမျှတမယ်။ စီးပွားရေးဟာ တရားမျှတမယ်။ အမျိုးသားတန်းတူရေးကို တည်ဆောက်နိုင်မယ်။ ဒီမိုကရေစီဟာလည်းအဓိပ္ပာယ်ရှိလိမ့်မယ်။ ငြိမ်းချမ်းရေးကို လည်းခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်။ ဒါကြောင့် ဒီ ကျွန်တော့်ရဲ့တင်ပြမှုထဲမှာ တိုင်းပြည်က အစဉ်ဖွံ့ဖြိုးတဲ့တိုင်းပြည်ဖြစ်ဖို့ ကျွန်တော်တို့ အနာဂတ်အတွက် ကလေးသူငယ်တွေနဲ့ပညာရေးကဏ္ဍကို အလေးပေးတင်ပြလိုတယ်။ မညီမျှမှုတွေ၊ လက်ဝါးကြီးအုပ်တဲ့ အခြေနေတွေအောက်မှာ ကျွန်တော်တို့ကလေးတွေ လူငယ်တွေရဲ့ ဘဝတွေဟာ မျှော်လင့်ချက်မဲ့နေကြတယ်။ တိုင်းပြည် အနာဂတ်အတွက် အလွန်အရေးကြီးတယ်။ ပြည်သူအားလုံး၊ နိုင်ငံရေးအင်းအားစုအားလုံး ဒီကိစ္စကို အလေးအနက် ထားစေချင်တယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍအတွက်သုံးစွဲတဲ့ဘတ်ဂျက်ဟာ အာဆီယံနိုင်ငံများအကြားမှာ အလွန်နည်းပါးပြီးကမ္ဘာ့နိုင်ငံများတွင်လည်း အနိမ့်ဆုံးအဆင့်မှာ ရှိနေပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့်သန်းခေါင်စာရင်းအရ

အသက် ငါးနှစ်မှ ၁၈ နှစ်အကြား ကလေး ၄ ဒသမ ၄ သန်းကကျောင်းမနေကြရပါ။ ငါးနှစ်အောက် သေဆုံးမှုမှာ ကလေး ၁၀၀၀ မှာ ၇၂ယောက်နှုန်းရှိနေပါတယ်။ ကလေးငယ် ၁၀ ယောက် တွင်လေးယောက်မှာ လုံးဝကျောင်းမနေနိုင်ဘဲ ၁၀ နှစ်ကျော်အရွယ် ကျောင်းထွက်ရမှုနှုန်းမှာလည်း မြင့်မားနေပါတယ်။

ဒါဟာယူနီဆက် (UNICEF) ရဲ့ လေ့လာတွေ့ရှိချက်ဖြစ်တယ်။ ဒီအခြေအနေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကိုဖျက်ဆီးပစ်သလို ဖြစ်နေတယ်လို့ ပါတီက ယုံကြည်တယ်။ ဒီကလေးငယ်တွေ စာသင်ခန်းကိုရောက်ဖို့၊  လူငယ်တွေကိုဆိုရင်လည်း အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ပြီး အဆင့်မြင့်ပညာတွေ ဆက်လက်သင်ယူနိုင်တဲ့  အခြေအနေတွေကိုဖန်တီးပေးဖို့ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။

ဒါကြောင့် ပညာရေးနဲ့ ပတ်သက်လို့ ဒီနေ့ သေသေချာချာ ရင်းနှီးမြှုပ်နှံခြင်းဟာ ကလေးသူငယ်တွေနဲ့ပတ်သက်လို့ ဒီနေ့ ခိုင်ခိုင်မာမာ ရင်းနှီးမြှုပ်နှံခြင်းဟာ ကျွန်တော်တို့ တိုင်းပြည်အနာဂတ် သေချာဖို့ဖြစ် တယ်ဆိုတာကို ကျွန်တော်တို့ ထပ်ပြီး တင်ပြချင်ပါတယ်။

ပညာရေးကဏ္ဍမှာ -

လူတိုင်းအတွက် ပညာရေးိုတဲ့ သဘောထားခံယူချက်မှုနဲ့ ပညာရေးစနစ်ကိုတည်ဆောက်ရမယ်။ ပညာရေးဟာ အခွင့်ထူးခံတို့အတွက်မဟုတ်၊ လူတိုင်းအတွက်ဖြစ်ရမယ်ဆိုတဲ့ အတွေးအမြင် ကိုပြန့်ပွားစေ ရမှာဖြစ်တယ်။ ပါတီဟာဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားထုရဲ့ အမျိုးသားရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ထောက်ခံခဲ့တယ်။ လွတ်လပ်တဲ့၊ တန်းတူတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကို တောင်းဆိုတယ်။ ပညာရေးနှင့်ပတ်သက်လို့ လတ်တလော အရေးတကြီးလုပ်ဆောင်စရာတွေရှိတယ်လို့ ပါတီက ယုံကြည်တယ်။ အဲဒါတွေကတော့-

- ငြိမ်း၊ စု၊ စီနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြန်လည်သုံးသပ်သင့်တယ်။မလိုအပ်ဘူးထင်တယ်။ ဖျက်သိမ်းသင့်တယ်။ အသင်း အပင်းဖွဲ့စည်းခွင့်တွေနဲ့ပတ်သက်တဲ့ ဥပဒေတွေလည်း ရှိသင့် မရှိသင့် ကျွန်တော်တို့သုံးသပ်သင့်တယ်။

- လူနည်းစုတွေကို တစ်စုံတစ်ရာကန့်သတ်ချုပ်ချယ်ထားတယ်လို့ယူဆရတဲ့ ဥပဒေတချို့ကို ကျား-မ တန်းတူရေးကို ထိခိုက်စေတယ်လို့ယူဆရတဲ့ ဥပဒေအချို့ကိုလည်း ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် မလိုအပ်တာတွေကို ဖျက်သိမ်းဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက တောင်းဆိုသွားမှာ ဖြစ်တယ်။

- အကျဉ်းထောင်တွေဟာ နှိပ်စက်ညှဉ်းပန်းတဲ့ နေရာများမဖြစ်စေရဘဲ၊ပြုပြင်တည့်မတ် ထိန်းသိမ်းပေးတဲ့စခန်းတွေဖြစ်လာရေးဆိုတာကိုတောင်းဆိုသွားမယ်။ အကျဉ်းထောင်လက်စွဲဥပဒေတစ်ခုလုံးကို ဒီမိုကရေစီအခြေခံများနဲ့အညီ ပြင်ဆင်ကိုင်စွဲ ကျင့်သုံးသွားနိုင်ဖို့လည်းတောင်းဆိုမယ်။

အုပ်ချုပ်ရေးကဏ္ဍနဲ့ ပတ်သက်လို့-

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေကစပြီးတော့ မြို့နယ်၊ ခရိုင်တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ နိုင်ငံတော်သမ္မတအထိ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်သင့်တယ်။

အုပ်ချုပ်ရေးကဏ္ဍနဲ့ဆက်စပ်ပြီး ဝန်ကြီးဌာနတွေပေါင်းစည်းကာ၊ မလိုအပ်တဲ့ ဝန်ကြီးဌာနတွေကို ဖျက်သိမ်းတာတွေကို သေသေချာချာ ဆွေးနွေးသုံးသပ်ပြီး ဆောင်ရွက်သွားဖို့လိုမယ်။ တစ်ဆက်တည်းမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ပတ်သက်လို့ ကျွန်တော်တို့အမြင်ကို တင်ပြပြောဆိုလိုပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို နိုင်ငံတော်သမ္မတကတိုက်ရိုက်ကိုင်တွယ် သင့်တယ်။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့လက်အောက်မှာမရှိသင့်ဘူး။ တရားစီရင်ရေးနဲ့ ဆက်စပ်နေတဲ့ တရားရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်းတွေဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့လက်အောက်မှာ မရှိသင့်ဘူး။

ချစ်ခင်လေးစားရပါသော ပြည်သူအပေါင်းတို့ခင်ဗျား-

ကျွန်တော်တို့အနေနဲ့ တန်းတူရေးအခြေခံတွေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်တွေကို မြှင့်တင်နိုင်ဖို့ အဓိကထား တင်ပြခဲ့တာကိုသတိပြုမိမယ်လို့ယူဆပါတယ်။ ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကျော်လွှားဖို့တင်ပြမယ်ဆိုရင် လယ်ယာမြေကိစူ္စ၊လယ်သမားကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့လူနေမှုဘ၀ မြှင့်တင်ရေး ဒါတွေကို ချန်လှပ် ထားလို့မရပါဘူး။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလို အခြေခံဥပဒေအရလယ်သမားတွေ၊ အလုပ်သမားတွေကို ကာကွယ်၊ အာမခံနိုင်အောင်နိုင်ငံရေးအင်အားစုအသီးသီးနဲ့ ပြည်သူတွေကို ကျွန်တော်တို့ပါတီ အနေနဲ့ကြိုးစားပြီး မေတ္တာရပ်ခံသွားမှာ ဖြစ်တယ်။ လက်ရှိတိုင်းပြည်မှာ လယ်သမားအကျိုးစီးပွားကာကွယ်မြှင့်တင်တဲ့ ဥပဒေရှိတယ်။ မြေအသုံးချရေးမူဝါဒနဲ့ပတ်သက်လို့ ရေးဆွဲနေကြတယ်။

ကျွန်တော်တို့ယူဆတာက လယ်ယာမြေပြုပြင်ပြောင်းလဲရေးဟာ တစ်တိုင်းပြည်လုံး ပြည်သူတွေရဲ့ဘဝတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ တိုင်းပြည်ရဲ့စီးပွားရေးဘဝတစ်ခုလုံးဖြစ်တယ်။ ဒီလိုအရေးကြီး တဲ့မူဝါဒမျိုးကို တစ်တိုင်းပြည်လုံးကိုလွှမ်းခြုံတဲ့ ညီလာခံလို ဆွေးနွေးပွဲမျိုးတွေက ချမှတ်သင့်တယ်။ ပြည်သူအသီးသီးရဲ့ ပူးပေါင်းပါဝင်မှုကိုဖိတ်ခေါ်သင့်တယ်။ ဆက်စပ်လို့တင်ပြချင်တာက လယ်သမား အကျိုးစီးပွားကာကွယ်မြှင့်တင်ရေး ဥပဒေတွေမှာ ဆိုရင် လယ်သမားနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ လုပ်ကွက်ငယ်လယ်သမားတွေကို မြေမဲ့ယာမဲ့ဖြစ်စေတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းစာသင်ခန်းပြင်ပတွင်ရောက်ရှိနေတဲ့ကလေးသူငယ်အားလုံး ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ဥပဒေအရဆောင်ရွက်နိုင်ရေး ကြိုးပမ်းတောင်ဆိုသွားမယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုမှာဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများရဲ့ အခန်းကဏ္ဍဟာ အလွန် အခရာကျတယ်။ ပညာရေးဝန်ထမ်းများနဲ့ ဆရာ ဆရာမများရဲ့ စားဝတ်နေရေးဖူလုံမှုအတွက် လုပ်ခလစာတိုးမြှင့်နိုင်ရေးကို ကြိုးပမ်းတောင်းဆိုသွားမယ်။အလုပ်အကိုင်လိုအပ်လျက်ရှိတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားနိုင်ရေးကို ကြိုးပမ်းတောင်းဆိုသွားမယ်။

နိုင်ငံတော်ရဲ့ ပညာရေး အသုံးစရိတ်ကို နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ တစ်တိုင်းပြည်လုံးအသုံးစရိတ်ရဲ့ အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ဖို့ ကြိုးပမ်းတောင်းဆိုသွားမယ်။

ဒီအခြေနေတွေနဲ့ ဆက်စပ်ပြီး ကျန်းမာရေးကဏ္ဍကိုလည်း ကျွန်တော်တို့ တင်ပြလိုတယ်။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ကျန်းမာရေးဟာ လူ့အခွင့်အရေးဖြစ်တယ်လို့ ခိုင်ခိုင်မာမာယုံကြည်တယ်။ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာလူမှုရေးနောက်ခံ ခွဲခြားခြင်းမရှိဘဲလူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရှိစေရမယ်လို့ ယုံကြည်တယ်။

တိုင်းပြည်ရဲ့ကျန်းမာရေးအသုံးစရိတ်ကို လုံလုံလောက်လောက်မြှင့်တင်ဖို့ကျွန်တော်တို့ တောင်းဆိုမယ်။ လူတိုင်းလူတိုင်း တန်းတူညီတူ ကျန်းမာရေး စောင့်ရှောက်မှုခံစားခွင့်ရဖို့ကျန်းမာရေးနဲ့ပတ်သက်တဲ့ အာမခံစနစ်တစ်ရပ်ထားရှိနိုင်ရေး အဆိုပြုကြိုးပမ်းသွားမယ်။

ကျွန်တော်တို့  ဒီနေ့မူဝါဒဆိုင်ရာ တင်ပြမှုမှာ တိုင်းပြည်အတွင်းမှာရှိတဲ့ကလေးသူငယ်အားလုံးရဲ့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ တန်းတူမှုကို အခိုင်အမာတောင်းဆိုတယ်။ ပြည်သူတစ်ရပ်လုံးအတွက် လည်း ဒီတောင်းဆိုမှုကို အလေးအနက်တောင်းဆိုတယ်။

ဒီလိုတန်းတူမှုအခြေခံတွေကို ကျွန်တော်တို့တောင်းဆိုရာမှာ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ဒီမိုကရေစီရေးအခြေခံတွေ ခိုင်မာဖို့လိုတယ်။ဒီမိုကရေစီရေး ဝန်းကျင်ပီပြင်ဖို့လိုတယ်။ အဲဒီလိုဒီမိုကရေစီရေး အခြေခံတွေပီပြင်ဖို့ဆိုရင် ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်နဲ့လုံခြုံ၊ ငြိမ်းချမ်းမှုတွေကို ထိခိုက်နေတဲ့ ကန့်သတ်ထားတယ်လို့ ယူဆရတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ဒါမှ မဟုတ်ဖျက်သိမ်းဖို့လိုအပ်တယ်။ ဥပမာအားဖြင့်သတင်း

လွတ်လပ်ခွင့်တွေနဲ့ပတ်သက်လို့-

၁၉၂၃ နိုင်ငံတော်လှို့ဝှက်အက်ဥပဒေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ယူဆတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ရှိသင့်-မရှိသင့် ပြန်လည်သုံးသပ်သင့်တယ်။ ၂၀၁၄ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကို ပြန်လည်သုံးသပ်သင့်တယ်။

ဒီမိုကရေစီအခြေခံတွေနဲ့ပတ်သက်လို့၊လူ့အခွင့်အရေးနဲ့ပတ်သက်လို့-

ဒါကြောင့် ဒီဥပဒေတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ကျွန်တော်တို့ တောင်းဆိုလိုတယ်။ အလုပ်သမားကိစ္စမှာလည်းအလုပ်ချိန်သတ်မှတ်ရာမှာ တစ်ရက် ရှစ်နာရီ၊ တစ်ပတ်ကို နာရီ ၄၀ နဲ့ အနိမ့်ဆုံးလုပ်ခလစာကတော့ အလုပ်သမားတစ်ဦးနဲ့ မှီခိုသူအနည်းဆုံး နှစ်ဦးဖူလုံစေတဲ့လုပ်ခလစာဖြစ်သင့်တယ်။

ငွေကြေးဖောင်းပွမှုတွေရှိလို့ ဒီဖောင်းပွမှုတွေနဲ့အညီ နှစ်စဉ် လုပ်ခလစာကို ပြန်လည်သုံးသပ်သတ်မှတ်သင့်တယ်။အလုပ်သမားတွေရဲ့ ဖူလုံမှုဖူလုံရေးကိစ္စတွေကို အစိုးရက ထိထိရောက်ရောက် အာမခံပေးသင့်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ခခစာနည်းမှု၊ စားဝတ်နေရေး မဖူလုံမှုနဲ့ စရိတ်စကြီးမားမှုဒဏ်တွေကို အလူးအလဲခံနေကြရတယ်။

ပြည်သူ့ဝန်ထမ်းလုပ်ချင်တဲ့ ပညာတက်လူငယ်ဦးရေနည်းပါးလာတာ တွေ့ရတယ်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံမှာလို ပြည်သူ့ဝန်ထမ်းတို့ရဲ့ဘဝကို ပြန်လည်ရောက်ရှိနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြ ရမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည်ပါတယ်။

ချစ်ခင်လေးစားရပါသော ပြည်သူအပေါင်းတို့ခင်ဗျား -

ဒီနေ့ကာလမှာ တစ်တိုင်းပြည်လုံး အပြောင်းအလဲအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာလည်း ဒီမိုကရေစီရေး အနှစ်သာရနဲ့ ပြည့်စုံဖို့လိုအပ်ပါတယ်။ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့နိုင်ငံရေးအရ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံဖို့လည်း လိုအပ်ပါတယ်။

တိုင်းပြည်ရဲ့ ဒီမိုကရေစီအပြောင်းလဲ တိုးတက်ကောင်းမွန်ဖို့ ငြိမ်းချမ်းဖို့အတွက်ဆိုရင် တိုင်းပြည်အတွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစု အသီးသီး၊လူထုလူတန်းစား အဖွဲ့အသီးသီးပါဝင် တဲ့တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကတစ်ဆင့် ဒီနေ့တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း၊ ငြိမ်းချမ်းရေးဆိုင်ရာ အကျပ်တည်းတွေကို ကျော်လွှားရလိမ့်မယ်လို့ယုံကြည်တယ်။

အခြေခံဥပဒေပြင်ဆင်ရေးအပါဝင် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ပါတီဟာ နိုင်ငံရေးအင်အားစုအသီးသီးနဲ့ လက်တွဲရုန်းကန်သွားမှာဖြစ်တယ်။ ကနေ့ တိုင်းပြည်မှာ အဓိကလိုအပ်နေတာ ကနိုင်ငံရေး အင်းအားစုအသီးသီးနဲ့ တိုင်းရင်းသားအင်အားစုများက သဘောတူပြီး ပြည်သူလူထုက ပူးပေါင်းပါဝင်ထောက်ခံတဲ့၊ တိုင်းပြည်ရှေ့ဆက်ဘယ်လိုသွားမလဲဆိုတဲ့ သဘောတူညီမှု ( National Accord) ဖြစ်တယ်။ဒါဟာ အမျိုးသားသွေးစည်းညီညွတ်ရေးကို တစ်ပြိုင်နက်တည်း တည်ဆောက်ခြင်းနဲ့အတူ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းလည်းဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာယုံကြည်တယ်။

ချစ်ခင်လေးစားရပါသော ပြည်သူအပေါင်းတို့ခင်ဗျား -

ကျွန်တော်တို့ရဲ့တင်ပြချက်တွေဟာ ဒီနေ့လူထုရဲ့လိုအပ်ချက်တွေဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ လူထုအတွက် DPNS ဖြစ်တယ်။ လူဘောင်သစ်ဒီမိုကရက်ပါတီဖြစ်တယ်။ လူထအရေးကို ထိထိရောက်ရောက် မကြောက်မရွံ့ ကိုယ်ကျိုးကို နည်းနည်းမှ မကြည့်လဲ တင်ပြဆွေးနွေးမယ့်နိုင်ငံရေးပါတီကို ရွေးချယ်မယ်ဆိုရင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးရွေးချယ်ကြပါလို့ တိုက်တွန်းမေတ္တာ ရပ်ခံပါရစေခင်ဗျား။

ကျွန်တော်တို့ပါတီရဲ့ဆောင်ပုဒ်ဟာ ပြည်သူသာ အမိ၊ ပြည်သူသာ အဖဖြစ်ပါတယ်။ ပြည်သူတွေကို အမိ၊ အဖအရာထားပြီးအလုပ်အကျွေးပြုခွင့် ပေးပါလို့ ထပ်မံမေတ္တာရပ်ခံတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  Democratic Party For a New Society
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၇.၁၂.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  (၂၁) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအောင်မိုးဇော်၊ ဦးမြင့်နိုင် (ခ) ခွန်ရဲသွေး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၂.၅.၂၀၁၄
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၀.၆.၂၀၁၄
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၄.၁၀.၂၀၁၄
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၇)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၀၁၄၈၅၀၁ ၊ ၀၉-၃၁၁၀၆၂၄၂
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly