ရွှေစက်တော် ဘုရားဖူးယာဉ်မှ လမ်းပြင်အလုပ်သမားများကို ဝင်တိုက်မှုဖြစ်ပွား

ရွှေစက်တော် ဘုရားဖူးယာဉ်မှ လမ်းပြင်အလုပ်သမားများကို ဝင်တိုက်မှုဖြစ်ပွား

မကွေး၊ ဖေဖော်ဝါရီ ၁၈ ။         ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့နယ်) ပန်းတောင်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းမ မိုင်တိုင်(၂၆၉/၃)၊ မန်းရွှေစက်တော်(၈)မိုင်လမ်းအဝင်ဝတွင် မန်းရွှေစက်တော်ရာသို့ ဘုရားဖူးလာသော အိမ်စီး မော်တော် ယာဉ်မှ လမ်းပြင်နေသော အလုပ်သမားများကို ဝင်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ရက် နံနက်(၉)နာရီခွဲအချိန်တွင် မန်းရွှေစက်တော်ရာသို့ ဘုရားဖူးလာသော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် နေထိုင်သော ယာဉ်မောင် ဦးကျော်ဇေယျ(၄၃)နှစ်မောင်းနှင်သည့်ဆလွန်းခဲရောင်ယာဉ်သည် ပုသိမ်-မုံရွာကားလမ်းအတိုင်းမောင်းနှင်လာခဲ့ပြီး မန်းရွှေစက်တော်ဘုရားအဝင်ဝသို့ ရောက်ရှိသော်လည်း ချိုးကွေ့ဝင်ရောက်ခြင်းမရှိဘဲ လမ်းမှားကာ မင်းဘူး(စကုမြို့နယ်)ပန်းတောင်ကျေးရွာ(၈)မိုင်လမ်းအဝင်ဝအနီးရှိ ပုသိမ်-မုံရွာကားလမ်းအရှေ့ဘက်ခြမ်း၌ ကျောက်ခင်းနေသည့် လမ်းအလုပ်သမားများအားတွေ့၍ ကားအား ဘရိတ်အုပ်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းအလုပ်သမားများကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအိမ်စီးမော်တော်ယာဉ်သည် လမ်း၏ယာဘက်ခြမ်းသို့ထိုးကျသွားခဲ့ပြီး ယာဉ်၏ ယာဘက်အခြမ်းမှာ ပိန်ရှုံ့ခဲ့သဖြင့် ကျပ်သိန်း(၂၀)ခန့်ပျက်ဆီးဆုံးရှုံးမှု ရှိခဲ့ကြောင်း ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၄)ဦးမှာထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ယာဉ်ဖြင့်ဝင်ရောက်တိုက်မိခဲ့သည့်လမ်းလုပ်သားများထဲမှ (၁)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်ကြောင့် ပန်းတောင်းကျေးရွာတွင် နေထိုင်သော လမ်းအလုပ်သမ ဒေါ်အေးကြိုင်(၃၀)နှစ်မှာ နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူ လမ်းလုပ်သား(၇)ဦးကို ပဒါန်းတိုက်နယ်ဆေးရုံ၊မင်းဘူးပြည်သူ့ဆေးရုံကြီးသို့ အသီးသီးပေးပို့ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စအတွက် ယာဉ်မောင်း ကျော်ဇေယျ(၄၃)နှစ်ကို စကုနယ်မြေစခန်းတွင် (ပ)၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က)/၃၃၇/၃၃၈ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required