လေ့ကျင့်မှုပြည့်ဝနေပြီး လာမည့်ပြိုင်ပွဲတွင် နိုင်ပွဲရရှိရန် အန်တိုနီယာ ယုံကြည်

လေ့ကျင့်မှုပြည့်ဝနေပြီး လာမည့်ပြိုင်ပွဲတွင် နိုင်ပွဲရရှိရန် အန်တိုနီယာ ယုံကြည်
ဓာတ်ပုံ-ဇေယျာမော်

ဖေဖော်ဝါရီ ၁၈ ။           ။ ကယန်းအမျိုးသမီး အန်တိုနီယာက သူ့၏ ဒုတိယမြောက်ပွဲစဉ်တွင် ထိုင်းနိုင်ငံမှ အားကစားသမား Rika Ishige ကို ရှုံးနိမ့်ခဲ့သော်လည်း လာမည့် ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် တစ်ကျော့ပြန်နိုင်ပွဲရရှိရန် စိတ်အားထက်သန်လျှက် ရှိသည်။

"Rika Ishige ကို ရှုံးခဲ့တဲ့ပွဲက ကျွန်မအတွက်လေ့ကျင့်ချိန်က အရမ်းကို နည်းလွန်းခဲ့ပါတယ်။ ပွဲမတိုင်ခင် စိတ်ရှုပ်စရာတွေလည်း ရှိခဲ့တယ်။ အိပ်ရေးတွေလည်း ပျက်ခဲ့တယ်။ ပွဲအပေါ် အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့သလို ထင်မိတယ်။ ဒီလို အဖြစ်မျိုး ထပ်ဖြစ်ခံတော့မှာ မဟုတ်ပါဘူး။ နိုင်ပွဲပြန်ရဖို့ အစွမ်းကုန်ကြိုးစားမှာပါ''ဟု အန်တိုနီယာက ပြောသည်။

အန်တိုနီယာသည် လာမည့် မတ်လ ၈ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ONE: REIGN OF VALOR ပြိုင်ပွဲ တွင် မလေးရှားကစားသမား Audreylaura Boniface နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပွဲစဉ်အတွက် အန်တိုနီယာသည် အရှေ့တောင်အာရှ၏ နာမည်ကြီး အားကစားရုံ တစ်ခုဖြစ်သော Bali MMA တွင် သုံးလကြာသွားရောက်လေ့ကျင့်နေသည်။

''ဒီပွဲကိုကာလရှည်အချိန်ယူပြီး လေ့ကျင့်ထားပါတယ်။ ဒီလို အချိန်ယူလေ့ကျင့်ထားတဲ့အတွက် အရင်ပွဲထက် အများကြီးယုံကြည်ချက်ရှိနေပါတယ်'' ဟု ၎င်းက ဆိုသည်။

အန်တိုနီယာသည် လေ့ကျင့်ခန်းများပြင်းပြင်းထန်ထန်ပြုလုပ်နေသလို တစ်ဘက်မှာလည်း ပြိုင်ဘက် Boniface ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အဟောင်းများကို Youtube မှတဆင့် အကြိမ်ကြိမ်လေ့လာလျက်ရှိသည်ဟု ဆိုသည်။

''သူ့အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားပါတယ် ။ ထပ်ပြီးလည်း လေ့လာနေဆဲပါပဲ။ ဘယ်ဟာကတော့ သူရဲ့အားသာချက်၊ အားနည်းချက်လို့ မပြောချင်ဘူး''ဟု သူက ဆိုသည်။

''ပြိုင်ပွဲတစ်ပွဲမှာ အရေးကြီးဆုံး စိတ်တည်ငြိမ်ဖို့ပဲလို့ ထင်ပါတယ်။ ပြိုင်ဘက်က အရမ်းလုံးတယ်။တိုက်စစ်ကို မြန်မြန်ဆန်ဆန် ဆော့တတ်တဲ့ အားကစားသမားမျိုးပါ'' ဟု အန်တိုနီယာက ဆိုသည်။

အန်တိုနီယာသည် ပြိုင်ပွဲအတွက် ကိုယ့် ကိုကိုယ်ယုံကြည်မှုအပြည့်ရှိနေသော်လည်း ပြိုင်ဘက်အပေါ် အထင်သေးခြင်း မရှိဘဲ လေးစားမှု အပြည့်အဝရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

''Boniface လည်း ဒီပွဲအတွက် တစ်နှစ်နီးပါးအချိန်ယူ ပြင်ဆင်ထားတယ်လို့ ကြားတယ်။ သူလည်း အကောင်းဆုံး အနေအထားမှာ ရှိနေမှာပါ။ ဒါကြောင့် ဒီပွဲဟာ မလွယ်ပါဘူး။ တကယ့် ပြိုင်ဘက် ကောင်းတစ်ဦးပါ'' ဟု ပြောသည်။

“Audreylaura Boniface က ကျွန်မထက် ဝိတ်တန်း ပိုကြီးပါတယ်။ ကျွန်မက ကီလိုတင်ပြီး ကစားရမှာ။ အခုဆို တစ်ရက်ကို အစား ၆ ကြိမ်အထိစားပြီး ကိုယ်အလေးချိန် တင်နေပါတယ်” ဟု ပြောသည်။

အန်တိုနီယာသည် ယခင်က လက်ဝှေ့ အားကစားသမားဖြစ်ခဲ့သောကြောင့် မတ်တပ်ရပ် ထိုးနှက်ကစားဖြင်းကို အားသန်သူဖြစ်သောကြောင့်  Bali MMA ၌ သုံးလအတွင်း မြေပြင်ချုပ်ကွက်များကို တိုးတက်စေရန် လေ့ကျင့်လျက် ရှိသည်။

''တစ်ပတ်ကို ၆ ကြိမ် လေ့ကျင့်ပါတယ်။ တစ်ရက်ပဲ နားဖြစ်တယ်။ နားတဲ့တစ်ရက်မှာလည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ တိုက်ကွက်တွေအကြောင်းပဲ ပြန်စဉ်းစားဖြစ်တယ်။ ဆရာတွေသင်ပေးတဲ့ နည်းစနစ်တွေကို စိတ်ကူးနဲ့ ပြန်လေ့ကျင့်ဖြစ်တယ်။ အချိန်တိုင်းမှာ ပြိုင်ပွဲအကြောင်းပဲတွေးဖြစ်တယ်'' ဟု အန်တိုနီယာက ဆိုသည်။

''ဘယ်တိုက်ကွက်မျိုးကို သုံးမယ်ဆိုတာလည်း ကြိုမပြောချင်ပါဘူး။ ပြိုင်ပွဲညမှာ စောင့်ကြည့်ကြပါ''ဟု အန်တိုနီယာက ပြောသည်။

အောင်လအန်ဆန်နှင့် ဖိုးသော် တို့ကဲ့သို့ မြန်မာပရိသတ်အားပေးမှု အပြည့်အဝရထားသော အန်တိုနီယာသည် မတ်လ ၈ ရက်နေ့ တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံအတွင်း ၌ ၎င်း၏ပြိုင်ပွဲကို မြန်မာပရိသတ်များ လာရောက်အားပေးကြရန် ဖိတ်ခေါ်ထားသည်။

အန်တိုနီယာသည် ပြီးခဲ့သည့်နှစ်က ၎င်း၏ ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲဦးထွက် ပြိုင်ပွဲတွင် နိုင်ငံတူပြိုင်ဘက် ရွှေစင်ကို ၂၄ စက္ကန့် ၌ အလဲထိုးအနိုင်ယူပြီး ONE Championship အမျိုးသမီးပြိုင်ပွဲ သမိုင်းတစ်လျောက် အမြန်ဆုံး အလဲထိုးစံချိန်ကို ရရှိထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required