အကောင်အထည်မဖော်သေးသည့် မြေကွက်များကို ပြန်စိစစ်ပြီး အစိုးရစီမံခန့်ခွဲမှုမြေအဖြစ် သတ်မှတ်မည်

အကောင်အထည်မဖော်သေးသည့် မြေကွက်များကို ပြန်စိစစ်ပြီး အစိုးရစီမံခန့်ခွဲမှုမြေအဖြစ် သတ်မှတ်မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၈ ။       ။  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ သတ်မှတ်ကာလအတွင်း အကောင် အထည် မဖော်သေးသည့် မြေကွက်လွတ်များကို ပြန်လည်စိစစ်ပြီး မြေချထားမိန့်၊ မြေစလစ်များနှင့် မြေငှား ဂရမ်များကို ပယ်ဖျက်ကာ အစိုးရစီမံခန့်ခွဲမှုမြေအဖြစ် သတ်မှတ်သွားမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင် ကပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်၊နံနက် ၁ဝနာရီက ပြုလုပ်သည့် ဒုတိယအကြိမ်၊မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)တွင် ချမ်းမြသာစည်မြို့နယ်၊မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ သာယာ လှပရေးလုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိနေသောမြေကွက်လပ်များအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းကို မြို့တော်ဝန် ဒေါက်တာရဲလွင်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြေကွက်များအား မြေချထားမိန့်နှင့် မြေစလစ်မူရင်း လက်ဝယ်ကိုင်ဆောင်ထားပြီး မြေငှားဂရမ် မလျှောက်ထားသေးသူများအနေဖြင့်လည်း စည်ပင်သာယာရေး ဥပဒေ၊နည်းဥပဒေများနှင့်အညီ အမြန်ဆုံးမြေငှားဂရမ်များ လျှောက်ထားကြရန်လည်း ဒေါက်တာရဲလွင်က တိုက်တွန်းပြောကြားထားသည်။

ထိုသို့လျှောက်ထားပြီးပါက သတ်မှတ်ကာလအတွင်း အုတ်တံတိုင်း၊ ဝင်းထရံကာရံခြင်းနှင့် အဆောက် အဦဆောက်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေ၊နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်များရယူရန် လိုအပ်သည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။

ထို့အပြင် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများတွင် မြေယာမှုခင်းများ ရင်ဆိုင်ဖြေရှင်းနေရ သူများ အနေဖြင့် ခိုင်လုံသော အထောက်အထားမိတ္တူမှန်များပူးတွဲ၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ပြမြေယာ စီမံခန့်ခွဲမှုဌာနသို့ စစ်ဆေးနိုင်ရန် ပေးပို့ရမည်ဟုလည်း ဒေါက်တာရဲလွင်ကပြောသည်။

ထိုသို့ပြုလုပ်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁ရခုနှစ် ဖေဖော်ဝါရီလ ၂ ရက်၊၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့်၂၀၁၈ခုနှစ် မတ်လ ၁၀ ရက်နေ့တို့တွင် မန္တလေးနေ့စဉ် သတင်းစာ မှနေ၍ အသိပေးကြေငြာမှုများ ပြုလုပ်ခဲ့သည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။

ထို့အပြင် မြေချထားမိန့်စလစ်အတု၊စလစ်အပျောက်နှင့်ကိုယ်တိုင်ရိုက်စလစ်အတုဟူ၍ အတုသုံးမျိုး သုံးစားဖြင့် ဂရမ်လျှောက်ထားနေမှုများလည်း တွေ့ရသည်ဟု ဒေါက်တာရဲလွင်ကဆက်ပြောသည်။

ထိုသို့ပြုလုပ်သည်များကို စုံစမ်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များ၊သုံးသပ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ မြေငှားဂရမ် အမှုတွဲစာရင်း ၁၁၉၉တွဲ၊ မြေချထားမှုစာရင်း ဌာနရှိ မှတ်တမ်း ၁၈ ခု ငွေသွင်းပြေစာ မှတ်ပုံတင်စာအုပ် ၆ အုပ်တို့ကို လွှဲပြောင်းပေးအပ်ထားသည်ဟုလည်း ဒေါက်တာရဲလွင် ကပြောသည်။
  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly