မျက်ခုံးဖြူငှက်ဝါချောက်ငှက်နှင့် တောင်ဇလပ်ပန်းများရှိရာသို့

မျက်ခုံးဖြူငှက်ဝါချောက်ငှက်နှင့် တောင်ဇလပ်ပန်းများရှိရာသို့

(က)
တကယ်တော့ ဆိုင်ကယ်တစ်စီးရဲ့နောက်မှာ ဆိုင်ကယ်ကယ်ရီသမားကို အသေအချာတင်းနေအောင်သိုင်းဖက်ပြီး မျက်လုံးစုံမှိတ်လိုက်ပါလာနေရင်းက “ ငါဘာပြုလို့ ဒီကိုရောက်လာပါလိမ့်” ဆိုတဲ့အတွေး တွေးခဲ့မိတာ အမှန်ပါ။

ဆယ်မိုင်စခန်းမှာ ဆိုင်ကယ်ကယ်ရီသမားတွေနဲ့စကားပြောတဲ့အခါ လမ်းခရီးအခြေအနေကို မေးကြည့်တော့ “ တချို့နေရာတွေကတော့ နောက်က သေသေချာချာဖက်ထားမှရမယ်ထင်တယ် နည်းနည်းမတ်တော့ လန်ကျတတ်တယ် ”လို့ ဆိုင်ကယ်ကယ်ရီသမားပြောလိုက်တဲ့စကား ကြားကတည်းက ရင်ထဲ ထိတ်ကနဲတော့ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့အားလုံးက တောင်ပေါ်ရောက်ဖို့ကိုသာ စိတ်စောနေတာမို့ လက်ရှိအခြေအနေအမှန်ကို မှန်မှန်ကန်ကန်စဉ်းစားဖို့ အလေးမထားနိုင်ခဲ့ကြပါဘူး။

ဆိုင်ကယ်လေးစီးပေါ် ကိုယ်စီကိုယ်ငှ လိုက်ပါလာကာစက သွေးခဲလုမတတ်အေးတာနဲ့ လေတိုးလို့ ပိုပြီးအေးတာတစ်ခုကိုပဲ သတိထားခဲ့မိရာက ၀ါးတစ်ရိုက်လောက်စီးလာရင်ပဲ လမ်းဘေးနှစ်ဖက်ကို သတိပြုမိလာကြတာပါ။
လမ်းက ဆိုင်ကယ်နှစ်စီး ရှောင်လို့ရရုံလောက်ပဲကျယ်ပါတယ်။ ကျောက်စလစ်ခဲလေးတွေ ကျိုးတို့ကျဲတဲရှိနေတဲ့ မြေလမ်းပါ။ တောင်စောင်းတွေကို ကွေ့ပြီးမော့တက်လိုက်တဲ့အခါ ဆိုင်ကယ်ဖင်က ဘေးကိုတစ်ချက်ယမ်းပြီး ခြောက်ကမ်းထိပ်နဲ့ လက်တစ်လုံးလောက်အထိ ရောက်ရောက်သွားရပါတယ်။ အသေအချာပြောနိုင်တာကတော့ တောင်ကွေ့တစ်ခုကိုရောက်တိုင်း တစ်တောင်ဆစ်ချိုးကွေ့တာနဲ့တပြိုင်နက် မတ်စောက်လှတဲ့ တောင်တက်လမ်းကိုတွေ့ရတော့မယ်ဆိုတဲ့အချက်နဲ့ ကံမကောင်းလို့ ဆိုင်ကယ် ဘီးချော်ပြီး သည့်ထက်နည်းနည်းပိုပြီး ခါလို်က်ယမ်းလိုက်မယ်ဆိုရင် အင်မတန်နက်လှတဲ့ ချောက်ကြီးထဲ ထိုးကျသွားမှာကလည်း သေချာတယ်ဆိုတဲ့အချက်ပါပဲ။

အဲဒီအချိန်ကြကာမှပဲ “အော် ငါလည်း ဘာပြုလို့များ ဒီကိုရောက်လာမိတာပါလိမ့် ”လို့ အကြောက်လွန်တဲ့စိတ်နဲ့ တွေးခဲ့မိတာပါပဲ။

သုံးလေးမိနစ်လောက်အထိတော့ ဘေးမှာကျန်နေခဲ့တဲ့ မတ်စောက်လှတဲ့တောင်စောင်းတွေ ချောက်တွေကို အသဲတယားယားနဲ့လိုက်ကြည့်ရင်း ပါလာခဲ့ပေမယ့် နောက်တော့ တစ်လမ်းလုံး မျက်လုံးအလိုလို စုံမှိတ်ပြီးသာ၊ ဆိုင်ကယ်ကယ်ရီသမားရဲ့ခါးကို တင်းတင်းကြပ်ကြပ်သိုင်းဖက်ရင်းသာ ဘုရားတပြီး လိုက်လာခဲ့မိပါတော့တယ်။ နာရီဝက်သာသာ ကြာတဲ့အခါ ဆိုင်ကယ်တွေ ဆက်ပြီးသွားလို့မရတော့တဲ့ မြေကွက်လပ်တစ်ခုကိုရောက်ပါတယ်။

မြေကွက်လပ်ထဲ ဆိုင်ကယ်တွေ စက်သပ်ရပ်လိုက်တဲ့အခါကြမှ ကျနော်တို့အားလုံး သက်ပြင်းကိုယ်စီချရင်း လမ်းခရီးအတွေ့အကြုံကို ပြန်ပြောရင်း ရယ်ရမလိုငိုရမလိုဖြစ်ကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အားလုံး ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၁၀၀၀၀ ကျော် ခေါ်နူးစုမ်တောင်ထိပ်နား ရောက်လာခဲ့ကြပါပြီ။

မော်တော်ဆိုင်ကယ်တွေက အဲဒီမြေကွက်လပ်မှာပဲ ရပ်ကြရပါတတ်။

နောင်ထပ် ငါးမိနစ်ကျော်ဆယ်မိနစ်နီးပါး ခြေလျင်ဆက်တက်လိုက်မယ်ဆိုရင်တော့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၀၂၀၀ မြင့်တဲ့ ခေါ်နူးဇုန်တောင်ထိပ်ကို ရောက်သွားတော့မှာပါ။

(ခ)

ကျော်ကြားလှတဲ့ “ခေါ်နူးဆုမ်တောင်”ကို ယခင်တုန်းကတော့ “၀ိတိုရိယတောင်”လို့ ခေါ်ခဲ့ကြပါတယ်။ ဒါကတော့ အင်္ဂလိပ်အစိုးရလက်ထက် မျက်နှာဖြူအရေးပိုင်တစ်ယောက် ဒီနေရာမှာ လာရောက်အပမ်းဖြေနေထိုင်ရင်းက “၀ိတိုရိယတောင်”လို့ ခေါ်ခဲ့ပြောခဲ့ကြတာပါ။ နောက်တော့ “နတ်မတောင်”လို့လည်း ခေါ်ပါတယ်။ အခုတော့ ချင်းလို “ခေါ်နူးစုမ်တောင်”လို့ပဲ တရားဝင်သုံးစွဲခေါ်ဝေါ်လာပြီလို့ပြောနိုင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ခေါ်နူးစုမ် တောင်တက်လမ်း တွေ့သမျှဆိုင်းပုတ်တွေမှာ “ခေါ်နူးစုမ်”ဆိုတဲ့အမည်နာမကိုပဲ တွေ့ခဲ့ရလို့ပါပဲ။ ဒါကလည်း “စ” လုံးနဲ့ “စုမ်”ဆိုပြီး “စ” သံနဲ့ပြောကြရေးကြတာက ဒီတောင်ပိုင်းချင်တောင်ဒေသသားတွေရဲ့ အသုံးပြုပုံဖြစ်ပြီး ချင်းတောင် မြောက်ပိုင်းသားတွေကတော့ “ဆ” လိမ်အသံထွက်နဲ့ “ဆုမ်” ဆိုပြီး ရေးကြပြောကြတယ်လို့ ဆိုပါတယ်။ “ခေါ်နူးစုမ်” ဆိုတာ “မြင့်မြတ်သော မိခင်တောင်တန်းကြီး” လို့ ချင်းလိုအဓိပ္ပါယ်ရှိပါတယ်။

ဒီတိုင်းပြည်မှာ ကချင်ပြည်နယ်ထဲက “ခါခါဘိုရာဇီ” တောင်ဟာ အမြင့်ဆုံးနဲ့အကျော်ကြားဆုံးပါ။ “ခေါ်နူးဆုမ်တောင်”ကတော့ တတိယအမြင့်ဆုံးနာမည်ကြီးတဲ့တောင်ပါပဲ။ ချင်းဝိသေသတိုင်း ကန်ပက်လက်မြို့အနီးမှာပါ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀၂၀၀ အထိ မြင့်ပါတယ်။ ဒီဇင်ဘာလထဲမှာ နှစ်စဉ် ရေခဲလောက်အောင်အေးပါတယ်။
ခေါ်နူးစုမ်တောင်ကို ရောက်ဖူးချင်လို့ ကြိုးစားတာ နှစ်ကြိမ်ရှိပါပြီ။ ပထမအကြိမ်တုန်းက တောင်ပေါ်မတက်နိုင်ခဲ့ဘဲ တောင်ခြေမှာရှိတဲ့ ကန်ပက်လက်မြို့ကလေးကပဲ ပြန်လှည့်ခဲ့ရတာပါ။ ဒီတစ်ခါ ဒုတိယအကြိမ်မှာတော့ တောင်ထိပ်အထိ အောင်မြင်အောင် တက်ခဲ့ပါတယ်။

အမှန်အားဖြင့် ခေါ်နူးစုမ်တောင်ကို သွားတက်ဖို့စဉ်းစားတဲ့အခါ ကိုယ်နဲ့အတူသွားမယ့် မိတ်ဆွေကြီး ကဗျာဆရာ (ကို)ယောဟန်အောင်နဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့ပါတယ်။ တမြို့စီတနေရာစီ ခွဲနေကြသူတွေဖြစ်လို့ ဖုန်းနဲ့ပဲတိိုင်ပင်ရတာပါ။ အထူးသဖြင့် သူက အလုပ်အားလပ်ရက် လေးရက်လောက်အတွင်း စိတ်အပမ်းဖြေရင်း သဘာဝပတ်ဝန်းကျင်ကို ခံစားရင်း ခေါ်နူးစုမ်တောင်တက်ဖို့ ရည်ရွယ်ခဲ့ပြီး ကျနော်ကတော့ နှစ်ပေါင်းများစွာကတည်းက မြင်ဖူးချင်ခဲ့တဲ့ နာမည်ကျော် “တောင်ဇလပ်ပန်းနဲ့ မျက်ခုံးဖြူငှက်ဝါချောက်ငှက်”တွေ သွားကြည့်ချင်နေတာပါ။ ကျနော်တို့နှစ်ယောက်စလုံး ဘုံတူညီတဲ့ဆန္ဒကတော့ တောင်ထိပ်အထိ တက်ကြမယ်၊ တောင်ထိပ်မှာ ရွက်ဖျင်တဲထိုးပြီး တစ်ညအိပ်ကြမယ်ဆိုတဲ့ဆန္ဒပါပဲ။ ဒါကြောင့်မို့လည်း ရွက်ဖျင်တဲတွေ ဝယ်ကြရ တောင်ထိပ်အခြေအနေနဲ့ လမ်းခရီးအခြေအနေကို သွားဖူးလာဖူးသူတွေဆီ မေးရမြန်းရလုပ်ကြပါတယ်။ ကရင်ပြည်နယ် ဖါးအံမြို့အနီးက မတ်စောက်တဲ့ ဇွဲကပင်တောင်ကိုလည်း လွန်ခဲ့တဲ့နှစ်ထဲတုန်းက မိတ်ဆွေကြီးကိုသက်မှူးရယ် ကျနော်ရယ် သူရယ်် သုံးယောက်အတူတက်ခဲ့ဖူးနေတော့ တောင်တက်ချင်တဲ့စိတ်က အကင်းမသေနိုင်ဘဲ နောက်ထပ်တောင်တက်ခရီးထွက်ကြမယ်လို့ ပြောဖြစ်နေကြတာလည်း ကြာခဲ့ပါပြီ။ အခုတော့ တောင်တက်ခရီးတစ်ခု သွားဖြစ်သွားပြီပေါ့။

တကယ်ခရီးထွက်တဲ့အခါ ကျနော်တို့နှစ်ဦးအပြင် နောက်ထပ်မိတ်ဆွေနှစ်ဦးလည်း အတူပါလာပါ။ ကိုသက်မှူးနဲ့ ကိုမင်းဌေး ပါ။ ကျနော်တို့ခရီးရဲ့ ပင်တိုင်ကားမောင်းသူက ကိုသက်မှူးပါ။ ကားကလည်း သူ့ရဲ့ကိုယ်ပိုင် ကားကလေးပါပဲ။ မှတ်မှတ်သားသား ဖြစ်ဖို့ကောင်းတာကတော့ ကျနော်တို့လေးယောက်စလုံးက ပြည်ပမှာ နှစ်နှစ်ဆယ်ကျော်နေထိုင်ခဲ့ကြရသူတွေချည်းပဲဖြစ်နေတဲ့အချက်ပါပဲ။ ကဗျာဆရာ “ယောဟန်အောင်( ကိုအောင်သူငြိမ်း )က အခုအခါ “ယောမင်းကြီးဇရပ်”လို နာမည်ကျော် စကားဝိုင်းတွေကို ဖန်တီးအလုပ်လုပ်နေသူဖြစ်ပါတယ်။ ကိုသက်မှူးက ကျနော်တို့နဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအရေးကြိုးပမ်းခဲ့သူ။ (စာရေးဆရာ ရန်ကုန်ဘဆွေရဲ့သား ) နောက်တစ်ယောက် ကိုမင်းဌေးကလည်း ကမ္ဘာကျော်မင်းသားကြီး စတားလုံး(ရမ်ဘို)ရဲ့ မြန်မာပြည်အကြောင်းရိုက်တဲ့ ဇာတ်ကားတစ်ကားမှာ အဓိကအရံဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါပဲ။ ကျနော်ကတော့ စာနယ်ဇင်းတစ်ခုရဲ့ အယ်ဒီတာဟောင်းပါ။
ဒီလိုနဲ့ ကျနော်တို့ရဲ့ ခေါ်နူးစုမ်တောင်တက်ခရီးဟာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ရန်ကုန်ကနေ စတင်ခဲ့ပါတယ်။ ။

ခရီးသွားအခန်းဆက် ဆောင်းပါးဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပါရန်….။

 

Mizzima Weekly