နယူးယောက်၊ ဖေဖော်ဝါရီ ၁၆ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မက္ကဆီကိုနယ်ခြားတံတိုင်းဟာ ရူးနှမ်းခြင်းနဲ့ အမှတ်လက္ခဏာပဲ ဖြစ်ပြီး ဒီတံတိုင်းတည်ဆောက်ဖို့အတွက် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ၎င်းအစိုးရကို တရားစွဲသွားမှာဖြစ်ကြောင်း ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ရှေ့နေချုပ်ဖြစ်သူတို့က ပြောပါတယ်။
သမ္မတ ထရမ့်ဟာ ၎င်းရဲ့ ရွေးကောက်ပွဲ အဓိကမဲဆွယ်ကတိဖြစ်တဲ့ မက္ကဆီကို-အမေရိကန် နယ်ခြားတံတိုင်း တည်ဆောက်ရေး ရန်ပုံငွေရရှိအောင် သောကြာနေ့မှာ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်မှာ စနေ၊ တနင်္ဂနွေ အားလပ််ရက်အတွက် Mar-a-Lago အပန်းဖြေအိမ်ရာဆီ ဇနီးဖြစ်သူ မယ်လန်နီယာနဲ့အတူ သွားရောက်ပြီ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ ဒီ လုပ်ဆောင်ချက်ဟာ အိမ်ဖြူတော်နဲ့ လွှတ်တော်ကြားက အင်အားပြိုင်မှုကို အရှိန်မြင့်လာစေမှာ ဖြစ်ပြီး တရားစွဲဆိုဖြစ်ဖို့ လမ်းကြောင်းဆီကို ဦးတည်စေနိုင်ပါတယ်။
တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေအပေါ် လွှတ်တော်ရဲ့ ငြင်းပယ်မှုကို ကျော်လွှားနိုင်ဖို့ ထရမ့်ဟာ အရေးပေါ်အာဏာကို သုံးလိုက််ခြင်းဟာ မကြံစဖူးသော ဖြစ်ရပ်ပဲ ဖြစ်တယ်လို့ တရားဥပဒေရေးရာ ပညာရှင်တွေက ပြောပါတယ်။
“ဒီလို အာဏာအလွဲသုံးတာကို ကျွန်တော်တို့ သည်းခံမှာ မဟုတ်ပါ။ ရှိသမျှ တရားဥပဒေအချက်အလက်တွေနဲ့ ကျွန်တော်တို့ ပြန်လည်တိုက်ခိုက်သွားပါမယ်။”လို့ ကယ်လီဖိုးနီးယား ပြည်နယ်ရှေ့နေချုပ် လက်တီတာဂျိမ်းက ပြောပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဂါဗင်နယူးဆွမ်ကလည်း ထရမ့်နဲ့ တရားရုံးမှာ တွေ့ကြမယ်လို့ စိန်ခေါ်ပြောဆိုရင်း ကျန်တဲ့ ပြည်နယ်တွေလည်း ပူးပေါင်းလာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။