အထိမ်းအမှတ် ကျောက်တိုင်နှင့် ဘဝဟောင်းက သရက်အကျဉ်းထောင်သို့

By သန့်ဇော်( သန်လျင် )
16 February 2019
အထိမ်းအမှတ် ကျောက်တိုင်နှင့် ဘဝဟောင်းက သရက်အကျဉ်းထောင်သို့

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွေကတော့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေအတွက် အိပ်မက်တစ်ခုကို တရားဝင် အစပျိုးတဲ့နေ့ တစ်နေ့ ပြောရင်ရသွားပါတော့တယ်။ လွန်ခဲ့တဲ့ ( ၂ ) နှစ်ကျော်က သရက်အကျဉ်းထောင်၌ နဝတ ၊ နအဖ ခေတ်အတွင်း ကျဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသား ( ၆ ) ဦး ၏ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူရေး ဖြစ်မြောက်ရေးကော်မတီရဲ့ ဆောင်ရွက်ချက်များ အရာထင်ပြီး ကနဦးအောင်မြင်မှု ရခဲ့ပါတယ်။ ထိုမျှပင်မက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ သရက််ကျောင်းတော်ပြန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့် 5-J Club (နိုင်ငံရေးအကျဉ်းသားဟောင်း သူငယ်ချင်းများ အဖွဲ့)တို့ ပူးပေါင်းကာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်များအပါအဝင် သရက်ထောင်တွင်းသို့ ဝင်ရောက်၍ သရက်ထောင်တွင်းရှိ အကျဉ်းသား အချုပ်သား ၁၄၀၀ ကျော်ကိုလည်း ညနေစာသွားရောက်လှူဒါန်းခဲ့တဲ့အပြင် သရက်ထောင်တွင်းရှိ ဆေးရုံဆောင်နှင့် အမျိုးသမီးဆောင်တို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။

သရက်ထောင်တွင်းသို့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဝင်ရောက်အလှူပေးခြင်း မပြုလုပ်ခင် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အကျဉ်းထောင်ညွှန်ကြားရေးမှုး ၊ ထောင်ပိုင်ကြီးတို့နှင့် သဘောတူညီချက်ကို အရင်ယူရပါသေးတယ် ။ ပထမကနဦး သဘောတူထားတာကတော့ ထောင်ထဲဝင်ရောက် လှူဒါန်းမယ့်သူများဟာ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား (၁၀)ဦးနှင့် ဝန်ကြီးချုပ်နှင့်အဖွဲ့ပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်နံပတ်တွေနဲ့ နေရပ်လိပ်စာတွေကိုလည်း ကြိုတင်ပေးထားရပါတယ် ။ ထောင်ထဲဝင်ဖို့ အချိန်ပိုင်းအတွင်းမှာပဲ ထောင်အာဏာပိုင်တွေဖက်ကနေ မေတ္တာရပ်ခံတောင်းဆိုမှု ပြုလုပ်လာပါတယ်၊ အဲဒါကတော့ ထောင်ထဲကို ကင်မရာ၊ ဖုန်း၊ နှင့် အခြား မည်သည့်ပစ္စည်းမှ ယူဆောင်လာခြင်း မပြုရန်နှင့် သတင်းကိုချက်ချင်းမတင်ရန် ပန်ကြားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ထောင်၏လုံခြုံရေးကို နားလည်ကြောင်း၊ ကျွန်တော်တို့ဖက်ကလည်း လိုက်နာမှာဖြစ်ကြောင်းနှင့် ကျွန်တော်တို့ရဲ့ကားပေါ်ပါလာသူ မိသားစုများပါ ထောင်ထဲသို့ ဝင်ရောက်လှူဒါန်းမှုပြုစေချင်ကြောင်း ပြောရာ ထောင်အာဏာပိုင်များက စီစဉ်ပေးမှာဖြစ်ကြောင်း ပြောဆို သဘောတူညီမှုရခဲ့ကြပါတယ်။

ညနေပိုင်း သရက်အကျဉ်းထောင်ထဲကို မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို ဦးဆောင်ပြီး  သရက်အကျဉ်းထောင်တွင် နဝတ၊ နအဖ ခေတ်၌ အကျဉ်းကျခံ၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကာ လွတ်မြောက်လာကြသူ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် သွားရောက်စဉ်        အမျိုးသမီးဆောင်၌ ကျွန်တော်တို့ ထောင်ကျတုံးက မရှိခဲ့သော ယဉ်ကျေးမှုတစ်ခုကိုတွေ့ခဲ့ရပါတယ် ။ အဲဒါကတော့ ဝန်ကြီးချုပ်ကို အေရိုးဗစ်လား ဇမ်းဘားအကလား တော့မသိပါဘူး ။ အမျိုးသမီးအကျဉ်းသူ ငယ်ငယ်လေးတွေကို ကစေပြီး နှုတ်ဆက်စေပါတယ်၊ ဝန်ကြီးချုပ်လူပျိုကြီး အပါအဝင် ကျွန်တော်တို့ကတော့ ထောင်အာဏာပိုင်တွေစီစဉ်မှု လွဲချော်သွားတာကို ဦးစွား အသိအမှတ်ပြုလိုက်ရပါတော့တယ်။

ရင်ခွင်ပိုက်ကလေးနဲ့ကလေးမိခင်တွေကို နို့မှုန့်၊ စားစရာနဲ့ ငွေသားနှစ်သောင်းစီလှူ၊ အကျဉ်းသူ အမျိုးသမီးတွေကိုသွားကြည့်။ သရက်ထောင်ထွက်နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်က အကျဉ်းသူတစ်ယောက်ကို မေးကြည့်တော့ ဥိီးတို့လာမယ်ဆိုတော့မှ ပြင်ဆင်ထားတာဖြစ်ကြောင်း၊ တကယ်နေထိုင် စားသောက်ရတာ ခုလိုမဟုတ်ကြောင်း ပြောပါတယ်။ အမျိုးသမီးအဆောင်ထဲက အထွက်မှာတော့ ကျွန်တော်ကပဲ ဝန်ကြီးချုပ်ကို တိုက်အမှတ် ( ၃ ) အနောက်ဖက်ကို လက်ညှိုးထိုးပြပြီး အင်္ဂလိပ်ခေတ်က ဆောက်ထားတဲ့ အဲဒီတိုက်ရဲ့ အနောက်က လေဝင်ပေါက်တွေကို မဆလခေတ်က ရွှေဉာဏ်တော်စူးရောက်ပြီး ပိတ်ထားတာဖြစ်ကြောင်း၊ နဝတ၊ နအဖခေတ် ကျွန်တော်ကိုယ်တိုင် ထောင်ကျစဉ် အဲဒီတိုက်ခန်းထဲ နှစ်ပေါင်းများစွာနေခဲ့ရကြောင်း၊ ထောင်ပိုင်နှင့် ညွှန်ကြားရေးမှုးများကိုလည်း လေဝင်ပေါက်များ ပြန်လည် ဖွင့်ပေးဖို့တောင်းဆိုခဲ့သေးကြောင်း ၊ ခုတော့ ကျွန်တော်တို့ အစိုးရဖြစ်နေချိန်တွင် လူသားချင်းစာနာမှုအရ လေကောင်းလေသန့် ရအောင်ဖွင့်ပေးရမှာဖြစ်ကြောင်းပြောတော့ ဝန်ကြီးချုပ်က ချက်ချင်း ထောင်ပိုင်ကြီးကို ဟုတ်သားပဲ ခင်ဗျားတို့ ဖွင့်ပေးလိုက်ပါ ဒါကျန်းမာရေးနဲ့ဆိုင်တယ် ကုသိုလ်လည်းရတယ် ဆိုပြီး ပိတ်ထားတဲ့ လေဝင်လေထွက်ပေါက်တွေကို ဖွင့်ပေးဖို့ အထပ်ထပ် မှားကြားခဲ့ပါတယ်။

အမျိုးသမီးအဆောင်ဝန်းထဲကမှ ဝန်ကြီးချုပ်နှင့် ကျွန်တော်တို့ဟာ အကျဉ်းသားတွေထားတဲ့ ဆေးရုံဆောင်ကိုသွားပြီး ထောင်ပိုင်ကြီးက ဆေးပေးခန်းကို လိုက်ပြပါတယ်။ ဆေးတွေကတော့ ကျွန်တော်တို့ ထောင်ကျစဉ်က မမြင်ဘူးတဲ့ အရေအတွက်တွေကို တွေ့ရပါတယ်။ တကယ်ကို အမှတ်တရပါပဲ၊ ကျွန်တော် သရက်ထောင်မှာ ရေဒီယိုကိစ္စကြောင့် ပြစ်ဒဏ်ဖြစ်တော့ ကျွန်တော့ကို တိုက်ပိတ်ရာ အခန်းရှေ့မှာဆိုတော့  ကျွန်တော်က ဝန်ကြီးချုပ်ကို ကျွန်တော့်ကို ၃ လခွဲ တိုက်ပိတ်ထားတဲ့ အခန်းဟာ ဒီအခန်းဖြစ်ကြောင်း၊ ရှေ့တံခါးကိုသော့ခေတ်ပြီး မြင်ကွင်းအားလုံးကို ဖျာနဲ့ပိတ်ထားကြောင်း၊ ဖျာကိုလည်း ဘီရိုကြီးတစ်ခုနဲ့ ထပ်ကာထားကြောင်း၊ အခန်းထဲမှာ မှောင်နေကြောင်းပြောပြတော့ ဝန်ကြီးချုပ်က အံ့သြစွာဖြင့် အဲဒီလိုတောင်နေခဲ့ရတာ ခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရတာ ဝမ်းသာကြောင်း စိတ်ပါလက်ပါနဲ့ ပြောပါတယ် ။ ကျွန်တော် အဲဒီအကြောင်းတွေနဲ့ သရက်အကျဉ်းထောင်ရဲ့ကျွန်တော့ဘဝ ထောင်ထဲ ( ၂၃ )နှစ် ဖြတ်သန်းမှု အကြောင်းတွေကို နိုင်ငံတော်မှားယွင်းမှုစာအုပ်ထဲမှာ ဖော်ပြထားပြီးလည်းဖြစ်ပါတယ်။

သရက်ထောင်မှာနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများထဲမှ ကျွန်တော်ကပဲ ဝန်ကြီးချုပ်ကို ရှင်းပြနေတာ ပြောပြနေတာကြောင့်ပဲလား၊ သို့မဟုတ် နဂိုကတည်းက ဒီအတိုင်း စီစဉ်ထားမှုကြောင့်လားတော့ မသိပါဘူး၊ ဝန်ကြီးချုပ်နှင့် ကျွန်တော်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ သရက်ထောင်တွင်း သွားရောက်ခြင်း အစီအစဉ်ကတော့ ဒီလောက်ပဲ ဖြစ်ပါတယ်။ ကျွန်တော် စိတ်မကောင်းဖြစ်မိတာကတော့ ကျွန်တော်နှင့် မျက်နှာချင်းဆိုင် တိုက်ထဲ အတူနေခဲ့သူ ၊နဝတ၊ နအဖခေတ်မှာ လူသတ်မှုနဲ့ စစ်ခုံရုံးက သေဒဏ်ကျသူ (၅) ဦး ကိုတွေ့ခဲ့ရ စကားပြောခွင့်ရခဲ့တာပြဲဖစ်ပါတယ်။ အဲဒီထဲကတစ်ယောက်ကတော့ ကျွန်တော့ကို မမှတ်မိပါဘူး။ သူတို့နဲ့က ထောင်ထဲမှာ တရင်းတနှီးနေလာခဲ့လို့ သူတို့အကြောင်းကို ကောင်းကောင်းသိနေပါတယ်၊ သူတို့ဟာကျေးလက်တောရွာက ဖြစ်ကြပြီး ရိုးသားကြသူများဖြစ်ပါတယ်၊ ဒေါသအလျောက် လူသတ်မှု ဖြစ်ခဲ့ပြီး သေဒဏ်ကျခဲ့ပါတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်မှာ သေဒဏ်ကနေ ထောင်တစ်သက် လွတ်ရက်မရှိပြစ်ဒဏ်ကို ပြောင်းလဲခဲ့ပါတယ်၊ ဆိုလိုချင်တာကတော့ သူတို့ဟာ မုဒိန်း လူသတ် အလောင်းဖျောက်အမှုလည်းမဟုတ်ပါဘူး၊ သက်ငယ်မုဒိန်းမှုလည်းမဟုတ်ပါဘူး၊ သူတို့ဟာ ကျွန်တော့်ကို တွေ့တော့ ကျွန်တော်တို့ ထောင်ထဲမှာပဲ သေရတော့မှာဖြစ်ကြောင်း၊ ကျွန်တော်တို့ဘဝတွေဟာ ထောင်ထဲမှာ အဆုံးသတ်တော့မှာဖြစ်ကြောင်း ကူညီလို့ရရင် ကူညီပေးစေချင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း သူတို့ကို အားပေးပြီး ဝန်ကြီးချုပ်ကြီးကို ပြောကြည့်ပေးမှာဖြစ်ကြောင်း၊ ဒီကိစ္စတွေက ပြည်ထဲရေးဌာနနှင့်လည်းသက်ဆိုင်ကြောင်း ၊ တတ်နိုင်သလောက်တော့ လုပ်ကြည့်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ရပါတယ်။

ဆောင်းပါးအစပိုင်းမှာ ရေးထားသလိုပါပဲ ၊ နဝတ ၊ နအဖခေတ် သရက်အကျဉ်းထောင်အတွင်း ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသား သရက်မြို့မှ ဦးကိုကိုဦးအပါအဝင် ( ၆ ) ဦးအတွက် အထိမ်းအမှတ်ကျောက်တိုင် ဖြစ်မြောက်ရေးကော်မတီကို သရက်ထောင်ထွက် နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မျိုးဆက်သစ်တွေသိရှိစေရန်နှင့် နောင်ကာလများ၌ ထောင်ထဲတွင် ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့သူများရှိကြောင်း သိရှိပြီး နောင်ဒီလိုမျိုး မဖြစ်စေရန် သင်ခန်းစာယူနိုင်စေဖို့ ဖြစ်ပါတယ်။ ( ထောင်ထဲမှာ အသက်ပေးသွားကြသူတွေရဲ့ အကြောင်းကိုတော့ သီးခြားစီဖော်ပြမှာ ဖြစ်ပါတယ် )။ အဲဒီကော်မတီကို ဖွဲ့စည်းခဲ့ပြီး အထိ်မ်းအမှတ်ကျောက်တိုင် စိုက်ထူရေးကို တရားဥပဒေဘောင်အတွင်းကနေ မြေနေရာရရှိရေးနဲ့ ရံပုံငွေရရှိရေးတို့ကို ကော်မတီနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ချို့က ကြိုးစားဆောင်ရွက်ကြပါတယ်။ သရက်ထောင်တွင်း နှစ်ရှည်လများ နေသွားကြတဲ့ နိုင်ငံရေးသမား တွေထဲက ယခု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး၊ စာရေးဆရာညီပုလေး စသည်တို့နှင့် ပြည်တွင်း ပြည်ပရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကလည်း ငွေကြေးလှူဒါန်းမှု များနှင့် အင်ဂျင်နီယာ အတတ်ပညာများကိုလည်း လက်တွေ့ကျကျ ကူညီမှုများပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မြေနေရာ မကျဉ်းမကျယ် ကြက်လျှာစွန်းပုံသဏ္ဍန်လေးကို မကွေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အတည်ပြုပေး ရယူနိုင်ခဲ့ပါတော့တယ်။

ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အစိုးရ (တပ်မတော်အစိုးရ)ခေတ် မှာ စစ်ကြောရေးစခန်းများ၌လည်းကောင်း၊ ထောင်တွင်း၌လည်းကောင်း ဒုက္ခအမျိုးမျိုး၊ ရက်စက် ညှဉ်းပမ်းမှု အမျိုးမျိုးတို့ကို နှစ်ရှည်လများ တစ်ဦးကိုတစ်ဦး စာနာဖေးမရင်း ခါးသီးစွာ ဖြတ်သန်းရင်ဆိုင် ကျော်လွှားလာနိုင်ခဲ့ကြပါတယ်၊ ထိုသို့ကျော်လွှားရင် လမ်းခုလပ်ဖြစ်တဲ့ အကျဉ်းထောင်တွေထဲမှာလည်း ရဲဝံ့စွာ အသက်ပေးဆပ်သွားသူတွေလည်း မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ တော်တော်များများပင် ရှိပါတယ်။ ကျွန်တော် အနှစ် ၂၀ ကျော် နေခဲ့တဲ့ သရက်ထောင်မှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား (၆) ဦးကိုတော့ အညတရဗိမာန်လေး တည်ဆောက် ဂုဏ်ပြုပေးနိုင်တော့မှာဖြစ်လို့ ကျွန်တော်အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများက ဝမ်းသာပီတိ မျက်ရည်ဝဲစွာဖြင့် ဂုဏ်ယူနေမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။  ။

သန့်ဇော် ( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly