အနောက်တိုင်းနဲ့မတူတဲ့ တရုတ်ရဲ့ ကိုယ်ပိုင်စတိုင် OBOR မှာ မြန်မာဘာတွေဖြစ်လာမလဲ

အနောက်တိုင်းနဲ့မတူတဲ့ တရုတ်ရဲ့ ကိုယ်ပိုင်စတိုင် OBOR မှာ မြန်မာဘာတွေဖြစ်လာမလဲ

အစကောက်ရမယ်ဆိုရင်တော့ ၂၀၁ရခုနှစ် နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေဆုံမှုမှာ ဝန်ကြီးဝမ်ယိက အဆိုပြုခဲ့တာကနေ စတင်ခဲ့တာလို့ ပြောရမယ်။

ဒီတော့ စီမံကိန်းရဲ့အကြောင်းကို သိရှိဖို့လိုလာပါပြီ။ ဒီစီမံကိန်းက ဘာလဲ၊ဘယ်လဲဆိုတာကိုပေါ့။ ကျွန်တော်လည်း ဖတ်မိ မှတ်မိသလောက် စာဖတ်ပရိသတ်ကို ဒီဆောင်းပါးနဲ့ ပြန်လည်ဖောက်သည်ချလိုက်တာပဲဖြစ်ပါတယ်။
လေးမျိုးခေတ်မီရေးဆိုပြီး ၁၉၈၀ မှာ တရုတ်ပြည်က အပြောင်းအလဲစတင်လုပ်ဆောင်ပြီး နှစ်ပေါင်း ၃၀ အကြာမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဘဝကို ရောက်ရှိလာခဲ့ပါတယ်။

စီးပွားရေးကောင်းလာတာနဲ့အမျှ ခေတ်မီတိုးတက်လာတဲ့ ယနေ့တရုတ်နိုင်ငံဟာ အနောက်တိုင်းရဲ့ဂလိုဘယ်လိုက်ဇေးရှင်းနဲ့မတူကွဲပြားတဲ့ ကိုယ်ပိုင်စတိုင်နဲ့ ဒီကမ္ဘာလုံးဆိုင်ရာကဏ္ဍကို ထူထောင်နိုင်ဖို့ကို ဦးတည် ကြိုးပမ်းလာကြပါတယ်။ ဒီလိုကြိုးပမ်းမှုအစီအမံတွေထဲကမှ အစီအမံတစ်ခုဖြစ်တဲ့ OBOR (One Belt One Road)ဟာလည်း ထိပ်တန်းမဟာဗျူဟာတစ်ခုဖြစ်ပါတယ်။

OBOR ဟာ တရုတ်ရဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အာရှတိုက်နိုင်ငံများကိုဖြတ်သန်းပြီး အာဖရိက နှင့် ဥရောပနိုင်ငံတွေ အထိပါ ချဲ့ထွင်လုပ်ကိုင်နိုင်အောင် ပြုလုပ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီ လမ်းကြောင်း ဟာ ရှေးခေတ်တရုတ်ပြည်ရဲ့ ပိုးထည်နဲ့ လက်ဖက်ခြောက်စတဲ့ ကုန်ပစ္စည်းများကို တိုင်းတစ်ပါးနဲ့ ကုန်သွယ်ရာမှာ အသုံးပြုခဲ့တဲ့ ပိုးလမ်းမကြီးကို ပြန်လည်ဆန်းသစ်ထားတာပဲဖြစ်ပါတယ်။ OBOR ခေါ် ခေတ်သစ်ပိုးလမ်းမကြီး ကတော့ စင်္ကြန်လမ်းကြောင်း ခြောက်ခု ပါဝင်ပါတယ်။

ဒီလမ်းကြောင်း (၆) ခုထဲကမှ မြန်မာ ပါဝင်ပတ်သက်နေတဲ့ တရုတ်၊မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စီးပွားရေး စင်္ကြန်လမ်းဟာ တရုတ်နိုင်ငံ၊ ယူနန်ဒေသမှ စတင်ပြီး တရုတ်မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး မန္တလေး ထိုမှတဆင့် တောင်ဘက်သို့ ဆက်လက် ဆင်းလာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမြို့များနှင့် ရန်ကုန်မြို့တို့ကို ဆက်သွယ်ကာ လမ်းခွဲအဖြစ်လည်း ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းအထိ ဆက်လက် ချဲ့ထွင်ဆက်သွယ်ထားပါတယ်။ အဲ့ဒီလို ကျောက်ဖြူ၊ ရန်ကုန်အစရှိတဲ့ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်များနှင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်များဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာအရ လက်မလွတ်နိုင်လောက်အောင် အင်မတန်အရေးပါလှပါတယ်။ ကျောက်ဖြူဆိပ်ကမ်းဟာ ယူနန်ပြည်နယ်ကို ဘင်္ဂလားပင်လယ်အော်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာအတွင်း ဝင်ရောက်နိုင်မဲ့လမ်းကြောင်းကိုလည်း ရရှိစေတာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်းထောင်ချီကာ ကောင်းမွန်တဲ့ အဆက်အသွယ်ရှိခဲ့တဲ့ တရုတ်နဲ့ မြန်မာအနေနဲ့   ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းမှာ နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် ပိုမိုခိုင်မာတဲ့ စီးပွားရေးမိတ်ဖက်ဖြစ်မှုကို OBOR က ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်မြင်ရပါတယ်။

ဒါ့အပြင် စင်္ကြန်လမ်းတစ်လျောက်နဲ့ နယ်စပ်စီးပွားရေးအချက်အခြာဒေသများ စီးပွားရေးဇုန်များလည်း ယခုထက် ပိုမိုကာ ထွက်ပေါ်လာနိုင်ဦးမယ်ဖြစ်ပါတယ်။ ဒီလို စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု အခြေခံများ ဆက်တိုက်ပေါ်ထွန်းလာတာနဲ့အမျှ စွမ်းအင်လိုအပ်ချက်လည်း ဆတူတိုးတက်လာနိုင်တဲ့အတွက် လျှပ်စစ်လိုအပ်ချက်သည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
လက်ရှိပြဿနာတစ်ရပ်အဖြစ်လက်ခံထားသော လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေဖြစ်တဲ့ မြစ်ဆုံစီမံကိန်း၊ ဘားအံ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကဲ့သို့သော စီမံကိန်းတွေကိုလည်း ပိုကောင်းသည့် အခြေအနေတစ်ခု ရောက်ရှိရန် ပညာရှင်တွေ ၊ တာဝန်ရှိသူတွေ၊ အစိုးရတွေက ပွင့်လင်း မြင်သာစွာဝိုင်းဝန်းဆွေးနွေးကာ အမြန်ဆုံး အဖြေရှာသင့်နေပါပြီလို့ တိုက်တွန်းချင်ပါတယ်။

မြန်မာနိုင်ငံလို ရေအရင်းအမြစ်ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံတွင် ရေအားလျှပ်စစ်စွမ်းအင် ထုတ်ဖော်ခြင်းမှာ သင့်လျော်တယ်လို့ ပြောချင်ပါတယ်။

ဒီနေရာတွင် အားလုံးသိရှိကြပြီးသလို စွမ်းအင်ဆိုသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော စွမ်းအား တစ်ရပ်ပင်ဖြစ်ပါတယ်။  ယနေ့ခေတ် ချမ်းသာနေသောနိုင်ငံများက လွန်ခဲ့သောနှစ်များစွာကတည်းက နိုင်ငံအတွင်းရှိ ဆည်တမံတွေ တည်ဆောက်၍ မြစ်ကြောင်းများကို စီမံခန့်ခွဲကြပြီး ရေချိုအရင်းအမြစ်ကို ထိန်းသိမ်းရင်း လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ခဲ့ကြပါတယ်။

ဥပမာ -  ၁၉၃၃ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စု Ohio မြစ်ရဲ့  မြစ်လက်တက်တစ်ခုဖြစ်တဲ့ Tennessee မြစ်ကြောင်းတွင် Cascade Hydropower System ( မြစ်ကြောင်းတစ်လျောက် ရေကာတာများကို လှေကားထစ်ပုံစံ အတိုင်း အဆင့်ဆင့်တည်ဆောက်ခြင်းစနစ် ) များဖြင့် ဆည်များတည်ဆောက်ခဲ့ကြပါတယ်။ ယနေ့ခေတ် အချိန်ရောက်သည်အထိ Cascade Hydropower System  ကို အမေရိကန်နှင့် ကနေဒါနိုင်ငံတွင် အကောင်းဆုံး အသုံးချ နေကြပြီး ကိုလံဘီယာ မြစ်ရေဝေ ရေလွှဲဒေသပေါ်တွင် တည်ဆောက်ခဲ့သော ရေအားလျှစ်စစ်စီမံကိန်းသည် အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီစီမံကိန်းမှ ရေအားလျှပ်စစ်စက်ရုံ  ၆၀ ကျော် နဲ့  ကီလိုဝပ် ၃၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ရေအားလျှပ်စစ် အမြောက်အများသာမက ဒေသတွင်း စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။

ယခု ကျွန်တော်တို့နိုင်ငံတွင် တိုင်းပြည်တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း နေကြချိန်ရောက်တော့မှ၊ အခြေခံ လိုအပ်ချက်တွေထဲက တစ်ခုဖြစ်သော လျှပ်စစ်စွမ်းအားကို ထုတ်ရတော့မယ်ဆိုတော့မှ၊ ရှေ့ဆက်တိုးလို့မရဘဲ လုံးဝငြင်းပယ်ခြင်း ပုံစံဖြင့် ကန့်ကွက်နေကြတာကို သတိပြုသင့်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားကဏ္ဍသာမက နောက်ထပ် အရေးပါသည့်ကဏ္ဍတစ်ရပ်မှာ ငြိမ်းချမ်းရေးဖြစ်ပါတယ်။  

OBOR သည် တိုင်းပြည်ဖွံ့ဖြိုးမှုကိုယူဆောင်လာမည့် လမ်းကြောင်းမှန်တစ်ခုသာဆိုရင် OBORဖြတ်သန်းသွားရာ လမ်းတစ်လျောက်ရှိ ဒေသများတွင်လည်း ဖွံ့ဖြိုးတိုးတက်ရေးကို ညီမျှစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် ဖွံ့ဖြိုးရေးနိမ့်ကျမှုကဲ့သို့သော မညီမျှမှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်နေပါတယ်ဆိုတဲ့ ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနိုင်သလို မတည်မငြိမ်ဖြစ်နေမှုများကိုလည်း ရပ်ဆိုင်းပေးနိုင်ပါလိမ့်မယ်။

OBOR စီးပွားရေးစင်္ကြန်သစ်ကို အကောင်အထည်ဖော်ခြင်းအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် “ရပ်ဝန်းနှင့်လမ်းကြောင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်” တွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်မူဝါဒများကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“ အပြန်အလှန်နားလည်မှု၊ လေးစားမှုကို အခြေခံသည့် ကောင်းမွန်သော ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုရှိရေးနှင့် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်တစ်ရပ်ရရှိရေးတို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံချက် အောင်မြင်ရေးအတွက် အဓိကသော့ချက်များဖြစ်ကြောင်း၊ နိုင်ငံအချင်းချင်းဆက်သွယ်မှုသည် ရုပ်ပိုင်းဆိုင်ရာ၊ အခြေခံအဆောက်အအုံဆိုင်ရာ ဆက်သွယ်မှု သာမက ပြည်သူအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်မှုလည်း ပါဝင်ကြောင်း၊ ဤစီမံချက်အောက်မှ ဆောင်ရွက်မှုများသည် သက်ဆိုင်ရာနိုင်ငံမှ လက်ရှိအကောင်အထည်ဖော်နေသည့် အမျိုးသားအဆင့်၊ ဒေသအဆင့် လုပ်ငန်းစဉ်များအား အထောက်အကူပြုစေမှသာ ပိုမိုအကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူများ၏ မျှော်လင့်ချက်၊ စိုးရိမ်မှုတို့အပေါ် အလေးထားစဉ်းစားရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ထူးခြားသည့် ဝိသေသ လက္ခဏာများ ရှိသည့်အလျောက် ဆောင်ရွက်မည့်စီမံချက်များသည် သက်ဆိုင်ရာနိုင်ငံ၏ အမျိုးသားစီမံကိန်းများနှင့် လိုက်လျော ညီထွေမှု ရှိရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားလမ်းမကွန်ရက်စီမံကိန်းများရှိပြီး ဒေသခွဲနှင့် ဒေသတွင်းစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများသည် ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ လူမှုအဖွဲ့အစည်း အပေါ် တာဝန်သိမှုတို့နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဒေသခံများ၏ အကျိုးကိုရှေးရှုမှုတို့ မရှိမဖြစ် လိုအပ်ကြောင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းသည်လည်း အရေးကြီးပါကြောင်း၊ ဤရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာဖိုရမ်သည် တစ်ကြိမ်တည်းကျင်းပသွားခြင်းမျိုး မဟုတ်ဘဲ ဆက်လက်ကျင်းပသွားရမည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ သို့မှသာ လုပ်ငန်းတိုးတက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်အတွက် မူဝါဒချမှတ်ခြင်းများ ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံချက် အောင်မြင်ရေးအတွက် ဤဖိုရမ်အား ယန္တရားတစ်ရပ်အနေဖြင့် ဆက်လက်ကျင်းပသွားရန် အဆိုပြုချက်ကို ထောက်ခံကြောင်း” ပြောကြားသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly