ခြေ/ဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

ခြေ/ဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ
 ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ။              ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို လွှတ်တော်ဝင်းထဲက ဇဗ္ဗူသီရိဆောင်မှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲ ကစပြီး ကျင်းပလျက် ရှိပါတယ်။

အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့ "ဝ"ဒီမိုကရက်တစ်ပါတီက ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးတို့ ကျန်းမာရေးအရ မတက်ရောက်နိုင်တာကလွဲလို့ ကျန်တဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ စုံစုံလင်လင် တက်ရောက်လာတာ တွေ့ရပါတယ်။

ပူးပေါင်းကော်မတီကို လွှတ်တော်မှာအနိုင်ရထားတဲ့ ကိုယ်စားလှယ်အချိုးအစားအရ စုစုပေါင်း ၄၅ ဦးနဲ့ ဖွဲ့စည်းဖို့ လျာထားပေမယ့် ပထမအကြိမ်အစည်းအဝေးမှာ ညှိမရသေးတာကြောင့် အခုလို ဒုတိယအကြိမ် အစည်းအဝေးကို ဆက်လက်ကျင်းပရတာ ဖြစ်ပါတယ်။

ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ လွှတ်တော်ဘက်က ပါတီအလိုက်အမည်စာရင်းတောင်းခံခဲ့ရာမှာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က ပေးပို့လာခြင်းမရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက က အစည်းအဝေးအစပိုင်းမှာ ပြောပါတယ်။

ပထမအကြိမ်အစည်းအဝေးမှာတုန်းက သတင်းမီဒီယာတွေကို လွှတ်တော်နာယက အဖွင့်မိန့်ခွန်း ပြောပြီးတဲ့အထိသာ သတင်းရယူခွင့်ပြုခဲ့ပေမယ့် အခု ဒုတိယအကြိမ်မှာတော့ မီဒီယာတွေကို အစည်းအဝေး အစအဆုံး သတင်းရယူခွင့် ပြုပေးထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly