တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံရမှုတွင် ကြည်လင်းနှင့်အောင်ဝင်းဇော်ကို သေဒဏ်ချမှတ်

တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံရမှုတွင် ကြည်လင်းနှင့်အောင်ဝင်းဇော်ကို သေဒဏ်ချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၅ ။      ။   ရန်ကုန်လေဆိပ်၏ လူမြင်ကွင်းနေရာတွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့်ပစ်ခဲ့သည့် ကြည်လင်းနှင့် ငွေပေးစေခိုင်းသူ အောင်ဝင်းဇော်တို့နှစ်ဦးအား မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် နှင့် ကြည်လင်း အား နောက်ထပ် ထောင်ဒဏ် အနှစ် ၂ဝ၊ လက်နက်မှု ၃ နှစ်ထပ်မံ ချမှတ်ခဲ့ပြီး ဇေယျာဖြိုးအား ၅ နှစ်၊ အောင်ဝင်းထွန်းအား ၃ နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်း၊ ဇေယျာဖြိုးနှင့် အောင်းဝင်းဇော်တို့ကို ၁ဝ၄ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ၎င်းတို့အား အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထင်ရှားသဖြင့် အထူးခုံရုံးဥက္ကဋ္ဌက ထိုသို့ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကြည်လင်းကို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ- ၃ဝ၂(၁) (ခ)/ ၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေခြင်းဖြင့် သေဒဏ်၊ အငှားယာဉ်မောင်း ကိုနေဝင်းအား သတ်မှု၊ ပုဒ်မ- ၃ဝ၂(၂)ဖြင့် ထောင်ဒဏ်နှစ် ၂ဝ၊ လက်နက်ဥပဒေပုဒ်မ- ၁၉(ဃ) (စ)ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။ ‌လူသတ်ရန်အတွက် ငွေပေးစေခိုင်းသူဖြစ်သည့် အောင်ဝင်းဇော်အား ပုဒ်မ- ၃ဝ၂(၁) (ခ)/ ၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေခြင်းဖြင့် သေဒဏ်၊ အမှုတွဲတွင်ပါဝင်သူ ဇေယျာဖြိုးအား ပုဒ်မ- ၃ဝ၂(၁) (ခ)/ ၁ဝ၉ မှ ပြောင်းလဲ၍ ပုဒ်မ- ၂ဝ၁ ဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန်အမိန့်ချမှတ်လိုက်သည်။

ညီဖြစ်သူ အောင်ဝင်းဇော် ထွက်ပြေးတိမ်းရှောင်ရာတွင် ကရင်ပြည်နယ်သို့ ကားမောင်းပို့ဆောင်ခဲ့သူ အချုပ်လွတ် အာမခံရထားသည့် အောင်ဝင်းထွန်းကို အားပေးကူညီပုဒ်မ- ၂၁၂ ဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမ်ိန့်ချမှတ်ခဲ့သည်။

 နေပြည်တော် ပရဆေးဥယျာဉ်အနီးပျောက်ဆုံးသွားသောကြောင့် တရားခံပြေးအဖြစ် ကြေညာခြင်းခံထားရသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကိုမူ လက်ရှိချိန်ထိဖမ်းဆီးရမိသေးခြင်းမရှိဘဲ ဖမ်းဆီးရမိပါက လက်ရှိ တရားရုံးစစ်ဆေးချက်များဖြင့် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူ ဝေဖန်မှုများ မြင့်တက်နေသည့်အပြင် စိတ်ဝင်စားမှုလည်းရှိနေသော ယင်းအမှုကို ၂ ကျော် အထိ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါအမှုအား ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ခြင်း ဖြစ်ပြီး တရားလုပ်ထုံးလုပ်နည်းအရ ယင်းအမှုအတွက် တရားလိုဘက်ကတင်သွင်းထားသော တရားလိုပြသက်သေ ၈ဝ ဦးအနက် ၇၂ နှစ်ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ၈ ဦးကို လိုပြသက်သေစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

 ကြည်လင်းနှင့် စွပ်စွဲခံရသူများအနေဖြင့် တရားခံပြသက်သေ ၇၂ ဦးကို တင်သွင်းခဲ့ပြီး ခုခံချေပရာတွင် တရားခံပြ သက်သေ ၃၈ ဦးစစ်ဆေးခဲ့ပြီး ၃၄ ဦးကို ပယ်ဖျက်ပေးခဲ့သည်။

 ထိုသို့ သက်သေများ စစ်ဆေးအပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် ကြားနာစစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 ဦးကိုနီလုပ်ကြံခံရမှုမှာ ပြီးခဲ့သည့့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်များရှိနေသည့်နေရာတွင်ပင် ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ပေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းပါ ကျည်ဆန်ထိမှန် သေဆုံးခဲ့သည့်အမှု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required