မျက်နှာခွဲစိတ် ပြုပြင်မှုအကြောင်း ပြောကြားလာတဲ့ ပက်ခ်ရှင်ဟေး

မျက်နှာခွဲစိတ် ပြုပြင်မှုအကြောင်း ပြောကြားလာတဲ့ ပက်ခ်ရှင်ဟေး

တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည် မကြာသေးမီက ပြည်တွင်း မီဒီယာတစ်ခုနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် မျက်နှာခွဲစိတ် ပြုပြင်ခြင်းနှင့် စပ်လျဉ်း၍ ၎င်း၏ သဘောထား အမြင်များကို ပြောကြားခဲ့သည်။

“ကျွန်မ မျက်နှာခွဲစိတ် ပြုပြင်မှုလုပ်ဖို့ မတွေးမိဘူး။ တစ်ချိန်က ကျွန်မ မျက်နှာခွဲစိတ်မှု ပြုလုပ်ဖို့  ဆန္ဒ ပြင်းပြင်းပြပြ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ကျွန်မ မိခင်ပေးထားတဲ့ မျက်နှာအတိုင်း နေဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ပက်ခ်က ပြောကြားခဲ့သည်။

“ကျွန်မရဲ့မျက်နှာက အပြစ်ဆိုဖွယ် မရှိအောင် လှပနေတဲ့ မျက်နှာမျိုး မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ နှာခေါင်းဟာဆိုရင် မချွန်ဘူး။ ဒါပေမဲ့ လူအတော်များများက ကျွန်မရဲ့ နှာခါင်းကို ခွဲစိတ်ပြုပြင် မှုလုပ်ဖို့ အကြံပေးတယ်” ဟု ပက်ခ်က ပြောကြားခဲ့သည်။

“ကျွန်မက နှာခေါင်းကို ခွဲစိတ်ပြုပြင်မှု လုပ်ဖို့ စဉ်စားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ခွဲစိတ် ပြုပြင်မှု မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီ ချို့ယွင်းချက်က ကျွန်မကို တစ်မူ ထူးခြားစေခဲ့တယ်။ လူတိုင်းဟာ ပြီးပြည့်စုံတဲ့ သူရယ်လို့ မရှိပါဘူး” ဟု ပက်ခ်က ပြောကြားခဲ့သည်။

“ကျွန်မ ဒီလိုပြောတာဟာ မျက်နှာခွဲစိတ် ပြုပြင်မှုလုပ်တာဟာ မကောင်းဘူးလို့ ရည်ရွယ်ပြောဆိုတာ မဟုတ်ပါဘူး။ လူတစ်ချို့ဟာ သူတို့ရဲ့ မျက်နှာသွင်ပြင်နဲ့ ပတ်သက်လို့ စိတ်ဖိစီးမှု ရှိခံစားရတဲ့အခါ မျက်နှာ ခွဲစိတ်မှုတွေ လုပ်ပြီး သူတို့ရဲ့ စိတ်အားငယ်မှုကို ကျော်လွှားကြတယ်” ဟု ပက်ခ်က ပြောကြားသည်။

ကျန်းမာရေးနှင့် ပတ်သက်၍ ပက်ခ်ကို မေးမြန်းမှုများ ပြုလုပ်ရာတွင် “ ကျွန်မဟာ သေးသွယ်လှပတဲ့ ခန္ဒာကိုယ်ရှိတဲ့သူ မဟုတ်တဲ့အတွက် ကျန်းမာရေးအတွက် ကျွန်မ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင် ပါတယ်” ဟု ပက်ခ်က ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required