လွှတ်တော်ကိုယ်စားလှယ်တာဝန် မကျေပွန်သူများအတွက် Right to Recall ဥပဒေကို ပြန်ခေါ်သင့်ဟု ဦးခင်အောင်မြင့်ဆို

လွှတ်တော်ကိုယ်စားလှယ်တာဝန် မကျေပွန်သူများအတွက် Right to Recall ဥပဒေကို ပြန်ခေါ်သင့်ဟု ဦးခင်အောင်မြင့်ဆို
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (ဓာတ်ပုံ-အီးပီအေ)

နေပြည်တော်၊ ဖေဖော်ဝ ါရီ ၁၄ ။             ။  ပြည်သူလူထုများမှ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ် များ အကျိုးကိုကျေပွန်စွာ မဆောင်ရွက်နိုင်ပါက တာဝန်မှ ပြန်ရုပ်သိမ်းနိုင်သော Right to Recall ဥပဒေကို ပြန်လည်ခေါ်ယူသင့်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။

 “ဒီလို တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ဥပမာ စာရိတ္တ ပျက်ယွင်းမှုတို့ ၊ နိုင်ငံတော် သစ္စာ ဖောက်မှုတို့ ၊ ပြီးတော့ ဒေသအတွက် အကျိုးမဆောင်ရွက်တာ စသဖြင့် ပေးအပ်တဲ့တာဝန် မကျေပွန်တာ တို့ ဆိုရင် သူ့ကို တင်မြှောက်ထားတဲ့ လွှတ်တော်ကို မဲဆန္ဒနယ်က ပြည်သူလူထုက မဲဆန္ဒရှင်တွေက ပြန်ခေါ်ခွင့် ပြုသင့်တာပေါ့။ ဒါတရားတယ်လေ” ဟု ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးခင်အောင်မြင့်က ပြန်လည်ဖြေကြားခဲ့သည်။

 အဆိုပါ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း(Right to Recall) ကို ပထမအကြိမ် လွှတ်တေ်ာသက်တမ်းအတွင်း အမျိုးသားလွှတ်တေ်ာ၊ ပြည်သူ့လွှတ်တော်တွင် အကျေအလည် ဆွေးနွေးခဲ့ကြသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ဆိုင်းငံ့ထားခဲ့သည်။

 ယခုလွှတ်တော်သက်တမ်းအတွင်း အဆိုပါ ဥပဒေကြမ်းကို လာမည့်အပတ် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လွှတ်တေ်ာကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ (Right to Recall) ဥပဒေကို ပြန်လည်စဉ်းစား(ခေါ်ယူ)သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်က ပြောခဲ့ခြင်း ဖြစ်သည်။

 “Right to recall က ရှိသင့်ပါတယ်။ ရှိသင့်တယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းကလည်း ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းကလည်း ဒါကို ဆွေးနွေးပြီးသားလေ။ သို့သော် ပထမ ဖွဲ့စည်းပုံထဲမှာပါနေတဲ့ အတိုင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါကို ပြင်ဖို့တော့ ရည်ရွယ်ချက်ရှိတယ်။ ဒါကိုကော်မရှင်ကလည်း နဂိုကလည်း သူတို့ကပြောထားပြီးသား ဒါပြင်မယ်။ ပြင်ဖို့ရည်ရွယ်ချက် ရှိတယ်ဆိုတာ ပြောထားပြီးသား ။ အန်ကယ်တို့ပြင်မှာပါ”ဟု အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားလွှတ်တေ်ာကိုယ်စားလှယ်များသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပေဒေနှင့်အညီ အမည်စာရင်းတင်သွင်းထားခြင်းကြောင့် ယခု ဆွေးနွေးမည့် Right to recall ဥပဒေကြမ်းသည် လွှတ်တော်အတွင်းရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော် သားကိုယ်စားလှယ်များအတွက် အကျုံးဝင်မည်မဟုတ်သော်လည်း မဲဆန္ဒရှင်ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များအတွက် ၄င်း ဥပဒေကြမ်း နှင့် သက်ဆိုင်မည်ဖြစ်သည်။

လွှတ်တေ်ာကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းကို တိုင်တန်းလိုပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များ၏ အရေအတွက် ပမာဏများထဲမှ ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းရမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ၌ ဥပဒေကြမ်းကို ဖော်ပြရာတွင် ပါရှိသည်။

 ထိုသို့ တိုင်ကြားချက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်မှအဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌ အဖြစ် ပါဝင်မည်ဖြစ်ပြီး၊ ဥပဒေကျွမ်းကျင်သူ နိုင်ငံသား ၂ ဦး၊ သင့်လျော်သော နိုင်ငံသား ၁ ဦး၊ သက်ဆိုင်ရာ လွှတ်တော်မှ ကိုယ်စားလှယ် ၁ ဦး၊ လိုအပ်ပါက ကော်မရှင်မှ အဖွဲ့ဝင်ဦးရေကို သင့်လျော်သလို ထည့်သွင်း၍ အဆင့်ဆင့် စစ်ဆေးသွားမည်ဖြစ်သည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required