ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲများ မတ်လ ဒုတိယပတ်အတွင်း စတင်ကျင်းပမယ်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲများ မတ်လ ဒုတိယပတ်အတွင်း စတင်ကျင်းပမယ်

ဖေဖော်ဝါရီလ ၁၃ ။          ။  မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပတဲ့ ၂၀၁၉ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက် ပထမ အဆင့်ပြိုင်ပွဲများကို လာမဲ့ မတ်လ ၁၃၊၁၄ ရက်များတွင် စတင်ကျင်းပသွားမယ်လို့ မြန်မာနေရှယ်နယ်လိဂ် ကော်မတီရဲ့ ပွဲစဉ်များမဲနှိုက်ရေးဆွဲပွဲမှ သိရပါတယ်။

 " ဒီ ပြိုင်ပွဲကြီးက ကျွန်တော်တို့နိုင်ငံဘောလုံးသမိုင်းမှ ရှေးအကျဆုံး သက်တမ်းအရင့်ဆုံး၊ ဂုဏ်သိက္ခာ အကြီးမားဆုံး ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲစတာ နှစ်ပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း နာမည်နဲ့ကျင်းပတာလည်း နှစ်တွေ မနည်းပါဘူး။ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှ မေဂျာကနေ ပရော်ဖက်ရှင်နယ် ပုံစံပြောင်းလိုက်ပါတယ်။ စပွန်ဆာတွေနဲ့ပူးပေါင်းလိုက်တဲ့အချိန်မှာတော့ စပွန်ဆာနာမည်တွေနဲ့ ၄ နှစ်၊ ၅ နှစ် လောက် ကျင်းပခဲ့ရပါတယ်။၂၀၁၄ ကနေ စပြီးတော့ ကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီး၊ တပ်မတော်ရဲ့ဖခင်ကြီးလို့ ပြောလို့ရတဲ့ဗိုလ်ချုပ်အောင်ဆန်းကို သူ့ပြိုင်ပွဲကို သူ့နာမည်နဲ့  သူ့ နှစ် ၁၀၀ ပြည့်မှ စတင်ကျင်းပလာခဲ့တဲ့ပြိုင်ပွဲ ဖြစ်ပြီး ဒါကြောင့် ပြိုင်ပွဲနာမည်မှာ ဘယ်စပွန်ဆာရဲ့နာမည်မှ မယူတော့ဘဲ General Aung San Shield  ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဖြစ်ပါတယ် " လို့ မြန်မာနိုင်ငံ၊ နေရှင်နယ်လိဂ်မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် က  ပြောပါတယ်။

 ၂၀၁၉ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း ၁၂ သင်းနှင့် MPT မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် အသင်း ၈ သင်း၊ စုစုပေါင်း ကလပ် အသင်း ၂၀ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပွဲစဉ်တွေကို သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းနဲ့ အောင်ဆန်း ကွင်းတို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 ကချင်ယူနိုက်တက်အသင်း၊ မြဝတီအက်ဖ်စီ၊ ရွိုင်ရယ်သန်လျင်အသင်းနှင့် ယူနီဗာစတီအသင်း၊ ISPE FC၊  ချင်းယူနိုက်တက်၊ မောရဝတီအက်ဖ်စီ၊ ဒဂုံအက်ဖ်စီ၊ ချင်းလန်းအက်ဖ်စီနှင့် ငွေကြယ်ပွင့်လေးများအသင်း၊ ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မကွေးအက်ဖ်စီ၊ ရခိုင်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက် ၊ ဇွဲကပင်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ စစ်ကိုင်းယူနိုက်တက်၊ ဆောက်သမ်းမြန်မာအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

 ဗိုလ်လုပွဲကို လာမဲ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အောင်ဆန်း ကွင်းတွင် ကျင်းပမှာပါ။

 ပြီးခဲ့သည့်နှစ်တွင် ချန်ပီယံဖြစ်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကွာတားဖိုင်နယ်အဆင့်မှ စတင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 ရှုံးထွက်ပြိုင်ပွဲ တွင် ဧရာဝတီအသင်းက ၃ ကြိမ်၊ ရန်ကုန်အသင်းက ၂ ကြိမ် ဟံသာဝတီ၊ မကွေး၊ ရှမ်း ၁ ကြိမ်စီ ဗိုလ်စွဲထားခဲ့ကာ ၂၀၁၅ ရာသီတွင် ရှုံးထွက်ပြိုင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းအမည်နဲ့ ပြောင်းလဲကျင်းပခဲ့ပြီး ဆုကြေး ပထမဆု သိန်း ၃၀၀၊ ဒုတိယ ကျပ် သိန်း ၁၅၀ ချီးမြှင့်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly