ပထမဆုံးတိုင်းဒေသအဆင့်ရှိ မသန်စွမ်းအဖွဲ့ ရန်ကုန်တိုင်းတွင် စတင်ဖွဲ့စည်း

ပထမဆုံးတိုင်းဒေသအဆင့်ရှိ မသန်စွမ်းအဖွဲ့ ရန်ကုန်တိုင်းတွင် စတင်ဖွဲ့စည်း

ဖေဖော်ဝါရီ ၁၃၊ ရန်ကုန် ။            ။ မသန်စွမ်းသူများကို ကူညီနိုင်ရန် ရည်ရွယ်ကာ တိုင်းဒေသအဆင့်ရှိ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းကို ဖေဖော်ဝါရီလ ၁၃ ရက်က စတင်ဖွဲ့စည်းလိုက်သည်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသင်းအဖွဲ့များကို ဖွဲ့စည်းရန်ဟူသည့် စည်းမျဉ်းပါရှိပြီး စည်းမျဉ်းအရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ ဒီလိုဖွဲ့စည်းဖို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အခြားပြည်နယ်နဲ့ တိုင်း တွေမှာလည်း ဒီလို ဖွဲ့စည်းပြီးရင် မသန်စွမ်းသူများအသင်းချုပ်ရဲ့ အလုပ်အမှုဆောင်အနေနဲ့ ပါဝင်သွားမှာပါ။ ဒီမှာ ပါဝင်ပြီးတော့ အရွေးခံတဲ့ ပုဂ္ဂိုလ်တွေမှာ တောင်ပိုင်းခရိုင်မှလွဲလို့ ကျန်တဲ့ခရိုင် ၄ ခုက ၄ ဦးစီ ကျွန်တော်တို့ ရွေးကောက်နိုင်ပါတယ်။ တောင်ပိုင်းခရိုင်ကတော့ မူလကတည်းက အမှုဆောင်အဖြစ် ပါဝင်ဖို့ အဆိုပြုလာတာ ၁ ဦးပဲ ဖြစ်တဲဲ့အတွက် ဒီ ၁ ဦးပဲ ပါတယ်ပေါ့နော်။ အဲ့တော့ အခုလောလောဆယ်မှာ တစ်ခရိုင်ကို ၄ ဦးနှုန်းနဲ့ ၁၃ ဦးရွေးချယ်ထားပြီးပါပြီ”ဟု မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအဖွဲ့ဝင် ဦးသိန်းဟန်သူက ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာရတွင် မသန်စွမ်းသူများ ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ပြုလုပ်သည်။

မသန်စွမ်းသူများအသင်းကို ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အကြားအာရုံချို့တဲ့ခြင်း၊ ဉာဏ်ရည် မသန်စွမ်းသူ၏ မိဘ စသည့် ချို့တဲ့မှု ၄ မျိုးထဲမှ တစ်မျိုးမျိုးရှိနေသောသူများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က ဒီမသန်စွမ်းသူတွေရဲ့ အနာဂတ်အတွက်ပေါ့လေ၊ လိုအပ်တာလေးတွေကို နိုင်ငံတော်ကိုလည်း တင်ပြမယ်။လက်လှမ်းမှီသလောက်ပေါ့။ ကျွန်တော်အတတ်နိုင်ဆုံး လုပ်ချင်တဲ့ ဆန္ဒရှိတာကြောင့် ကျွန်တော်ဒီကိုလာပြီး ရွေးချယ်ခံတာပါ” ဟု တောင်ပိုင်းခရိုင်ကော်မတီဝင်အဖြစ် ရွေးချယ်ခံထားရသူ ဦးသန်းထူးက ပြောသည်။

မသန်စွမ်းသူများအသင်းကို ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ကျန်ပြည်နယ်နှင့် တိုင်းများတွင် လည်း ဖွဲ့စည်းသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly