ဒေါ်လာ သန်း ၃ဝဝ ကျော်ကုန်ကျမည့် သန်လျင်တံတား အမှတ် ၃ အား စတင်တည်ဆောက်တော့မည်

ဒေါ်လာ သန်း ၃ဝဝ ကျော်ကုန်ကျမည့် သန်လျင်တံတား အမှတ် ၃ အား စတင်တည်ဆောက်တော့မည်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၃ ။        ။ ဂျပန်နိုင်ငံမှ ချေးငွေအပါအဝင် မြန်မာအစိုးရဘက်မှ ထည့်ဝင်ငွေဖြင့် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော်အသုံးပြုပြီး ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃)အား စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အဆိုပါတံတား တည်ဆောက်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဂျပန်နိုင်ငံ သံအမတ်ကြီး အပါအဝင် ဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များက ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြသည်။

“ ရန်ကုန်မြို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလမ်းမကြီးမှာ သယ်ယူပို့ဆောင်ရေးစနစ် ပိုမိုတိုး တက်ကောင်းမွန်လာရေးအတွက် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃)ကို ဒီနေ့ ပန္နက်ရိုက်ပြီး ကျွန်တော်တို့ စတင်တည်ဆောက်ကြတော့မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီး ဦးဖြိုးမင်းသိန်းက ပြောသည်။

ယင်းတံတား စီမံကိန်းကို ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ဝ သန်း၊ မြန်မာ အစိုးရ ဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၆၆၆ သန်း၊ စုစုပေါင်း ဒေါ်လာ ၃၂၃ ဒသမ ၂ဝ၆ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

တည်ဆောက်မည့်ကာလမှာ ၅ နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး လာမည့် ၂ဝ၂၃ ခုနှစ်တွင် လုပ်ငန်းပြီးစီးနိုင်ရန် အတွက်လျာထားကြောင်း သိရသည်။

သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်သို့ ဆက်သွယ်တည်ဆောက်မည့် အဆိုပါတံတား၏အရှည်မှာ ၁၉၈၂ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာရှိကာ တံတား၏ ကိုယ်ထည်ကို Steel Box Grinder ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

“ ဒီတံတားကြီးဟာ ရန်ကုန်ဘက် ကမ်းချဉ်းကပ်လမ်းဟာ လမ်းတွေတော်တော်များများကို ကျော်ဖြတ် သွားပြီးတော့ သာကေတအဝိုင်းမှာ ဒီခုံးကျော်တံတားကြီးဟာ ဆင်းသွားမှာဖြစ်ပါတယ်။ ဒီခုံးကျော်တံတားနဲ့ တစ်ဆက်တည်း ပဲခူးမြစ်ကူးတံတားကို ဆက်လက်တည်ဆောက်သွားပြီးတော့ ပဲခူးမြစ်ခူးတံတားဟာ ပဲခူးအခြမ်းမှာ၊ သန်လျင်ဘက်အခြမ်းမှာ ဆင်းသွားမှာဖြစ်ပါတယ်။ သန်လျင်ဘက်အခြမ်းကိုလည်း ၆ လမ်းသွားလမ်းမကြီးတည်ဆောက်ပြီး ကျောက်တန်းအထိ ဆက်သွယ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ် ”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုတည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃)မှာ သန်လျင်မြို့နယ်အတွင်း ၃ စင်းမြောက် မြစ်ကူးတံတားဖြစ်ပြီး လက်ရှိတွင် သန်လျင်မြို့နယ်အတွင်း သန်လျင်တံတား အမှတ် ၁ နှင့် သန်လျင်တံတား အမှတ် ၂ (ကုလားဝဲတံတား) တို့ကို အသုံးပြုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required