နယူးဒေလီမြို့ မီးလောင်မှုတွင် မြန်မာဘုရားဖူးအဖွဲ့မှ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

By NDTV
13 February 2019
နယူးဒေလီမြို့ မီးလောင်မှုတွင် မြန်မာဘုရားဖူးအဖွဲ့မှ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
ဓာတ်ပုံ-Kundan Rangoon Wale

ဖေဖော်ဝါရီလ ၁၃ ။           ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ Arpit Hotel ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ဒေသစံတော် ချိန် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မြန်မာဘုရားဖူး အဖွဲ့မှ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး တာဝန်ရှိသူများ၏ အတည်ပြုချက်အရ သေဆုံးသူ ၂ ဦးမှာ တိုက်ကြီးမြို့မှ ဒေါ်လှမေ၊ အသက် (၆၆) နှစ်၊ မြန်မာနိုင်ငံကူးလက်မှတ်အမှတ် MD838696 နှင့် ဒေါ်မြမြထွေး၊ အသက် (၄၄) နှစ်၊ မြန်မာနိုင်ငံကူး လက်မှတ် အမှတ် MD807824 တို့ ဖြစ်ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အဖွဲ့ဝင် (၇) ဦးပါ ရွှေမီဗုဒ္ဓဂါယာအဖွဲ့ဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူ ၁ ဦးသည် လည်း Lady Hardinge ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကျန်မြန်မာနိုင်ငံသား ၄ ဦးသည် Hotel Metro View တွင် တည်းခိုနေထိုင်လျက်ရှိကြောင်း၊ အခင်းဖြစ်ပွားမှုတွင် ပါဝင်သူ မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ တာဝန်ရှိသူများနှင့် မြန်မာဘုန်းတော်ကြီး များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

" ဒီ မြန်မာ ဘုရားဖူး ခုနစ်ဦးပါ အဖွဲ့က အဲဒီ ဟိုတယ်မှာ တည်းနေခဲ့ကြတာပါ၊ ခုကတော့ မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ မြန်မာ ဘုန်းတော်ကြီးတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်"ဆိုပြီး သံရုံးက ထုတ်ပြန်ပါတယ်။

အလားတူ မြန်မာနိုင်ငံက ၃၃ နှစ်အရွယ် ခရီးသွားဧည့်လမ်းညွှန် မချမ်းချမ်း ကတော့ မီးလောင်စဉ် ဟိုတယ် ဒုတိယထပ်ကနေ ခုန်ချရင်း အသက်ချမ်းသာရာရသွားခဲ့တယ်လို့ ယင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမယ့် သူမကလည်း ခြေထောက်မှာ ဒဏ်ရာရရှိသွားလို့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒေလီမြို့ ခါရိုလ်ဘတ် အရပ်မှာ ရှိတဲ့ Hotel Arpit Palace ဟိုတယ် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required