အစာအိမ်ထဲ မက်သာဖီသမင်းဆေးပြားထုပ်တွေ မြိုချပြီး မှောင်ခိုသွင်းလာတဲ့ နိုင်ငံခြားသားကို အင်ဒိုနီးရှား ဖမ်းဆီး

အစာအိမ်ထဲ မက်သာဖီသမင်းဆေးပြားထုပ်တွေ မြိုချပြီး မှောင်ခိုသွင်းလာတဲ့ နိုင်ငံခြားသားကို အင်ဒိုနီးရှား ဖမ်းဆီး

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၃ ။            ။ ဘာလီကျွန်းမှာ တန်ဇန်းနီးယားနိုင်ငံသားတစ်ဦးဟာ မက်သာဖီသမင်းဆေးပြား တစ်ကီလိုဂရမ်ကို အစာအိမ်ထဲ မြိုချပြီး မှောင်ခိုတင်သွင်းလာတာကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောပါတယ်။

အပန်းဖြေ ဘာလီကျွန်းက နိုင်ငံတကာလေဆိပ်မှာ တန်ဇန်နီးယားနိုင်ငံဟာ အဒူရာမန်းအက်မန်းဆိုသူကို ဇန်နဝါရီ ၃၀ ရက်က ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

အခု ဖမ်းဆီးနိုင်ခဲ့တာဟာ လေဆိပ်ရဲ့ X-ray နဲ့ CT စက္ကရင်ကနေ အက်မန်းမြိုချထားတဲ့ ဆေးပြားထုပ်တွေကို တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒီဆေးပြားထုပ်တွေဟာ အလေးချိန်အားဖြင့် တစ်ကီလိုဂရမ်အထိ ရှိကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။

အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ လိမ္မော်ရောင် အထက်အောက် ထောင်ဝတ်စုံနဲ့ အက်မန်းကို မက်သာဖီသမင်းဆေးပြားထုပ် ဒါဇင်များစွာနဲ့အတူ သတင်းထောက်တွေကို ပြသခဲ့ပါတယ်။

ခုလို ဆေးပြားတွေ အစာအိမ်ထဲ မြိုချပြီး သယ်ဆောင်လာသူ အက်မန်းကို အစိုးရရှေ့နေတွေက သေဒဏ်နဲ့ စွဲဆိုမလားဆိုတာ သေချာမသိရသေးပါဘူး။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ််ဆေးဝါးကို အတင်းကြပ်ဆုံး ဥပဒေပြဌာန်းတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး မူးယစ်မှောင်ခိုကူးသူတွေကို သေနတ်ပစ်အဖွဲ့နဲ့ ပစ်သတ်ပြီး သေဒဏ်အပြစ်ပေးလေ့ရှိရာ နိုင်ငံလည်းပဲ ဖြစ်ပါတယ်။

ဗြိတိန်က အဘွားအိုတစ်ဦးရယ်၊ မက်သာဖီသမင်းဆေးပြားတွေနဲ့အတူ ဖမ်းမိတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးရယ်၊ အနောက်အာဖရိကက နိုင်ငံသားတစ်ချို့အပါအဝင် မူးယစ််ဆေးဝါး ကုန်ကူးမှုနဲ့ ဖမ််းဆီးမိသူ ဒါဇင်များစွာကို သေဒဏ်အပြစ် ပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required