နယူးဒေလီတွင် Arpit ဟိုတယ်မီးလောင်မှုကြောင့် မြန်မာဘုရားဖူးအဖွဲ့မှ ၂ ဦးသေဆုံး

နယူးဒေလီတွင် Arpit ဟိုတယ်မီးလောင်မှုကြောင့် မြန်မာဘုရားဖူးအဖွဲ့မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၂ ။         ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ   Arpit ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့မှုတွင် ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့မှ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယူဒေလီမြို့၊ မြန်မာသံရုံးမှ သိရသည်။

မီးလောင်မှုမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိသော ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့မှ အဖွဲ့ဝင် ၇ ဦးအနက် ၂ ဦးမှာ မီးလောင်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာသံရုံး တာဝန်ရှိသူများ၏ အတည်ပြုချက်အရ သေဆုံးသူ  ၂  ဦးမှာ ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်မှ အသက် ၆၆ နှစ်အရွယ် ဒေါ်လှမေနှင့် အသက် ၄၄ နှစ်အရွယ် ဒေါ်မြမြထွေးတို့ဖြစ်ပြီး ကျန်ရစ်သူဆွေမျိုးများ သိရှိစေရန် အလို့ငှာ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ ၁ ဦးမှာ Lady Hardinge ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး  ကျန် မြန်မာနိုင်ငံသား ၄ ဦးမှာ Hotel Metro View တွင် တည်းခိုနေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှု၌ ပါဝင်ခဲ့သော မြန်မာများအတွက် မြန်မာသံရုံး၊ နယူးဒေလီမြို့ ၊ ကောင်စစ်ရေးရာ ဌာန တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မို့၊ ပထမအတွင်းဝန်ဒေါ်ခင်မာသီ၊ ဒုတိယအတွင်းဝန် ဦးကောင်းဖြိုးဝင့်နှင့်  မြန်မာဘုန်းတော်ကြီးများမှ အခင်းဖြစ်ပွားရာနေရာနှင့်ဆေးရုံများသို့သွားရောက်ပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

AFP သတင်းဌာန၏ ဖော်ပြထားချက်အရ အဆိုပါ ဟိုတယ်မီးလောင်မှုကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ပြီး သေဆုံး သူများထဲတွင် ကလေးငယ်တစ်ဦးပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required