အခကြေးငွေဖြင့် ထိုင်းနိုင်ငံမှ အဆင့်ဆင့်သယ်ယူလာသော ကျည် နှစ်ထောင်နီးပါး နောင်ချိုတွင်ဖမ်းမိ

အခကြေးငွေဖြင့် ထိုင်းနိုင်ငံမှ အဆင့်ဆင့်သယ်ယူလာသော ကျည် နှစ်ထောင်နီးပါး နောင်ချိုတွင်ဖမ်းမိ
ဓာတ်ပုံ- ပြည်ထဲရေး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၂ ။          ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တရားမဝင်လမ်းမှတဆင့် သွားရောက်ပြီး ကျည်အတောင့် နှစ်ထောင်နီးပါးအား ဝယ်ယူခဲ့ကာ အခကြေးငွေပေးပြီး အဆင့်ဆင့်သယ်ယူလာစဉ် အဆိုပါ ကျည်များကို နောင်ချိုမြို့နယ်၊ အိုရီယမ် တယ်တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် ၉ နာရီခန့် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်၌ မူးယစ်တပ်ဖွဲ့စု(၂၄)မှ မူးယစ်ဆေးဝါးများရှာဖွေနေစဉ် အဆိုပါ ကျည်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၁၂ နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကျည်များဖမ်းဆီးရမိခဲ့သည့် လိုင်စင်မဲ့ Mark-II ယာဉ်မှာ အသက် ၃ဝ အရွယ် ဇေယျာမင်း(ခ)သားကြီးဆိုသူ မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်နောက်ခန်း စပယ်ယာဘီးထည့်သည့် ဝဲ/ယာဘောင်အတွင်းမှ ပလပ်စတိတ် ကော်ဘူးဖြင့် ထည့်ထားသော 9MM THAI ARMS ကျည်အတောင့် ၅ဝဝ နှင့် အပြာရောင် စက္ကူဘူးဖြင့် ထည့်ထားသော .22 ကျည် ၁၄၅ဝ တောင့်၊ စုစုပေါင်း ကျည်အတောင့် ၁၉၅ဝ တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်းဖြစ်သူ ထွက်ဆိုချက်အရ ကျည်များ တင်ဆောင်လာသော ယာဉ်အား ၎င်း၏ ယောက်ဖဖြစ်သူ အသက် ၃၃ နှစ်အရွယ် လှိုင်ဦးက အသက် ၂၄ နှစ်အရွယ်ရှိ လှမိုး(ခ) စိုင်းလှမိုးဆိုသူထံ ပို့ဆောင်ခ ငွေကျပ် ၂ သိန်း ၂ သောင်းဖြင့်  သီပေါမြို့အထိ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ ဘားအံ- ဝေါ- ဖြူး- နေပြည်တော်- မိတ္ထီလာ- ပြင်ဦးလွင်-နောင်ချို လမ်းအတိုင်းသီပေါမြို့သို့ မောင်းနှင်လာစဉ် ၎င်းမှာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ယာဉ်မောင်း ဇေယျာမင်း(ခ)သားကြီးဆိုသူကို နောင်ချိုမြို့မရဲစခန်းတွင် (ပ)၃၃ /၂ဝ၁၉၊ ရှမ်းလက်နက်ပုဒ်မ ၁၂(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ထို့နောက် အမှုနှင့် ဆက်စပ်နေသူ လှမိုး(ခ)စိုင်းလှမိုးနှင့်အတူ အသက် ၂၂ နှစ်အရွယ် စိုင်းဆိုင်ဖဆိုသူတို့ကို သီပေါမြို့နယ်ရဲတပ်ဖွဲ့က သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ ငါးကန် အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး နောင်ချိုမြို့မရဲစခန်းသို့ လွဲပြောင်းအပ်နှံခဲ့သည်။

ဖမ်းဆီးရမိသူ ၂ ဦးအနက် စိုင်းဆိုင်ဖအား ရဲတပ်ဖွဲ့မှ စစ်မေးခဲ့ရာ ၎င်းသည် အဆိုပါကျည်များအား ပြန်လည် ရောင်းချရန်အတွက် အကိုဝမ်းကွဲ လှမိုး(ခ)စိုင်းလှမိုးထံမှ မှာယူခဲ့ကြောင်း၊  လှမိုး(ခ) စိုင်းလှမိုးအား စစ်မေးရာ ၎င်းမှာ အဆိုပါကျည်များအား ညီဝမ်းကွဲ စိုင်းဆိုင်ဖမှ မှာယူသဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တရားမဝင်လမ်းမှတဆင့် သွားရောက်၍ ငွေကျပ် ၃၅ သိန်းဖြင့် ဝယ်ယူခဲ့ကြောင်း၊ Mark-II ယာဉ်အား မြဝတီမြို့မှ ငွေကျပ် ၃၂ သိန်းဖြင့် ဝယ်ယူခဲ့ပြီး ကျည်များအား ယာဉ်နောက်ခန်း စပယ်ယာဘီးထည့် သည့် ဝဲ/ယာဘောင်အတွင်း၌ ၎င်းကိုယ်တိုင် သိုဝှက်ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထို့နောက် အဆိုပါယာဉ်ကို သီပေါမြို့သို့ ပို့ဆောင်ပေးရန်အတွက် လိုင်စင်မဲ့ကား ပို့ဆောင်ပေးသူဖြစ်သည့် ကော့ကရိတ်မြို့တွင် နေထိုင်သူ လှိုင်ဦး (စိစစ်ဆဲ)ကို  ပို့ဆောင်ခ ငွေကျပ် ၈ သိန်း ၇ သောင်းဖြင့် အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း လှမိုး(ခ) စိုင်းလှမိုးက ထွက်ဆိုခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် သိမ်းဆည်းရမိသည့် ကျည်ဆံများနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသူ ၃ ဦးကို အမှုဖွင့်စစ်ဆေးနေပြီး လွတ်မြောက်နေသည့် လှိုင်ဦးအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly