ဇီးပင်ကြီးပါချုပ်ကို နေရာပြောင်းရွှေ့

By ခင်မို့မို့လွင်
12 February 2019
ဇီးပင်ကြီးပါချုပ်ကို နေရာပြောင်းရွှေ့
 

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးညီညီစံနှင့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့ကို ရာထူးနေရာ လဲလှယ် ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သည် သင်တန်းတက်ရောက်သည့် အစိုးရဝန်ထမ်းများကို ပြည်တွင်း ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးများနှင့် ပတ်သက်၍ ဝါဒမှိုင်း တိုက်ကာ သင်ကြားကြောင်း ဝေဖန်မှုများ ထွက်ပေါ်ပြီး လနီးပါး အကြာတွင် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂၀၁၈ ဒီဇင်ဘာ လတွင် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ စိုးသူရဇော်က ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် အစိုးရဝန်ထမ်းများကို နိုင်ငံရေးသိပ္ပံ ဘာသာရပ် သင်ကြားရာတွင် လွဲမှားသော အယူအဆများ သွတ်သွင်းနေကြောင်း ဇီးပင်ကြီး စစ်တမ်း ဆိုကာ အပိုင်း သုံးပိုင်းဖြင့် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထို့နောက် ဇန်နဝါရီလဆန်းပိုင်းတွင် ဇီးပင်ကြီး ပြည်သူ့ဝန် ထမ်း အကယ်ဒမီတွင် နိုင်ငံရေး သိပ္ပံဌာန၌ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ ထွန်းမင်းကို သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနသို့ ပြောင်းရွှေ့ခဲ့သည်။

ယခု ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဖြစ် ရာထူးပြောင်းရွေ့ခံရသူ ဦးညီညီစံသည် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)သည် ဝါဒမှိုင်းများ တိုက်သွင်းနေသည်ဟုဆိုသော ဝေဖန်ချက်များ မမှန်ကန်ကြောင်း ဇီးပင်ကြီး တက္ကသိုလ် ပါမောက္ခချုပ် ရာထူးရှိစဉ်က Myanmar Now ကို ဖြေကြားထားသည်။

ထိုသို့ ဦးညီညီစံကို နေရာရွှေ့ပြောင်းခန့်အပ်ခြင်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ် သင်ကြားရေးအပေါ် ဝေဖန်မှု များနှင့် သက်ဆိုင်ခြင်း ရှိမရှိကို ရာထူးဝန်အဖွဲ့သို့ ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly