လူမျိုးကြီးဝါဒနှင့် အမြင်ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒကို ဆန့်ကျင်ကြရန် NLD မှ ဦးဉာဏ်ဝင်းပြော

လူမျိုးကြီးဝါဒနှင့် အမြင်ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒကို ဆန့်ကျင်ကြရန် NLD မှ ဦးဉာဏ်ဝင်းပြော
ဓာတ်ပုံ - သူရ/မဇ္စျိမ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၂ ။        ။ လူမျိုးကြီးဝါဒနှင့် အမြင်ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒကို ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြား လိုက်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဦးဉာဏ်ဝင်းက သဘာပတိမိန့်ခွန်း ပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေဟာ အမျိုးသားရေးဝါဒနဲ့ ပြည်ထောင်စုစိတ်ဓာတ် ကို သဟဇာတဖြစ်စေပြီး ပင်လုံစိတ်ဓာတ်ကို မွေးဖွားပေးခဲ့ကြသလို၊ ကျွန်ုပ်တို့ဟာ တိုင်းရင်းသားမျိုးနွယ်စုများ ရဲ့ သမိုင်းဆိုင်ရာ ပကတိအခြေအနေများကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာ ဓမ္မဓိဌာန်ကျကျသုံးသပ်၊ လက်တွေ့ကျကျ တည်ဆောက်ကြဖို့ လိုပါတယ်။ လူမျိုးကြီးဝါဒနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကိုလည်း ဆန့်ကျင်ကြ ရပါမယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

NLD ပါတီ၏ နိုင်ငံရေးမူဝါဒနှင့် သဘောထားများမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အခြေခံထားသည့် ညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေးစီရရှိရေး ဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသ ကြီးလွှတ်တော်များမှ အစ၊ အစိုးရအဖွဲ့ ဖွဲ့စည်းရေးပါမကျန် တိုင်းရင်းသား၊ ယှဉ်ပြိုင်ဖက်အဖွဲ့အစည်းများနှင့် တပ်မတော်သားများ၊ အခြားအရည်အချင်းပြည့်ဝသူများ၊ ပညာရှင်များအားလုံး ပူးပေါင်းပါဝင်နိုင်ရေးကို အဓိက မူတစ်ခုအဖြစ် ချမှတ်ဆောင်ရွက်နေကြောင်း အဆိုပါ သဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

NLD ပါတီမှ (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် အဓိကအားဖြင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ၂၃ ဦးတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အကြောင်းကို ဦးစားပေး ဖော်ပြထားသည်။

ပင်လုံစာချုပ်မှာ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုလျက်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရန် အတိအလင်းကတိကဝတ်ပြုခဲ့သော ပဋိညာဉ်ဖြစ်ပြီး ပင်လုံစာချုပ်အပိုဒ်(၅)တွင် “တောင်တန်းဒေသများ၏ အုပ်ချုပ်ရေးတွင် ယခုရရှိထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို လုံးဝထိခိုက်စေမည် မဟုတ်။ တောင်တန်းဒေသများအတွက် အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိကြောင်း မူအားဖြင့် သဘောတူကြသည်”ဟု ပါရှိသည်။

အပိုဒ်(၇)တွင်လည်း “တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် သတ်မှတ်ထားသည့် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များအတိုင်း ရရှိခံစားစေရန်”ဟု ဖော်ပြပါရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly