ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု ကန့်ကွက်ဆန္ဒပြသူအချို့ ရာဘာကျည်ဖြင့်ပစ်ခတ်ခံရ

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု ကန့်ကွက်ဆန္ဒပြသူအချို့ ရာဘာကျည်ဖြင့်ပစ်ခတ်ခံရ
ဓာတ်ပုံ - KnIC

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ။          ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူမှုနှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်လ်ရှိုးနှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား နှုတ်ထွက်ပေးရန် လွိုင်ကော်မြို့၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လူဦးရေရာနှင့်ချီပြီး လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆန္ဒပြသူအချို့ ရာဘာကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ဆန္ဒပြသူများသည် လွိုင်ကော်မြို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူထားသည့် ကန္တာဟေဝန်ပန်းခြံသို့ စုရပ်အဖြစ် သတ်မှတ်ပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် ချီတက်ခဲ့ရာလမ်းတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီး ပိတ်ဆို့မှုများလည်း ရှိနေခဲ့သည်။

လမ်းပိတ်ဆို့မှုကို ဖောက်ထွက်ခဲ့သည့် ဆန္ဒပြသူများကို ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာ ရရှိသူများလည်း ရှိနေခဲ့သည်။ ဒဏ်ရာရရှိသူ ဆယ်ဦးကျော် ရှိနေခဲ့ပြီး ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးထားသည်ဟု ဆန္ဒပြသူများတွင် ပါဝင်သည့် ခွန်းသောမတ်စ်က မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်ဖြစ်သော ပြည်ထောင်စု ပင်လုံစာချုပ်အား မဖြည့်ဆည်းပေးနိုင်ဘဲ ကြေးရုပ်တု အတင်းအကျပ် စိုက်ထူခဲ့ခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒပြသူများက ဟောပြောခဲ့ကြသည်။

လွိုင်ကော်မြို့တွင်း၌ လှည့်လည်ဆန္ဒပြကြသူများသည် နံနက် ၁၀ နာရီ ခန့်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူ ထားသည့် ကန္တာဟေဝန်ပန်းခြံရှေ့သို့ ရောက်ရှိပြီး ထိုင်သပိတ်ဆင်နွဲနေခဲ့ကြသည်။

လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက ပန်းခြံဝင်ပေါက်များကို ပိတ်ဆို့ပြီး ထိုင်သပိတ်ဆင်နွှဲကာ ဆန္ဒပြသူများကို စောင့်ကြည့်နေခဲ့ကြသည်။

အစိုးရ တာဝန်ရှိသူများအနေဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီမတိုင်ခင် ဆန္ဒပြသူများနှင့် လာရောက်ညှိနှိုင်းရန် တောင်းဆိုခဲ့ပြီး တာဝန်ရှိသူများ မလာပါက ပိုမိုပြင်းထန်သည့် တုန့်ပြန်မှုနှင့် ကြုံတွေ့ရမည်ဟုလည်း သတိပေးပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမည့်ကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းကလည်း  လွိုင်ကော် မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့့ခြင်းကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် လူငယ် ၁၂ ဦး တရားစွဲဆိုခံထားရပြီး ကရင်နီ သမိုင်းကြောင်းစာများ ဖြန့်ဝေခဲ့ခြင်းကြောင့် လူငယ် ၈ ဦးသည် လွိုင်ကော်၊ ဖရူဆို ၊ဒီမောဆိုး၊ ဖားဆောင်း နှင့် ဘော်လခဲမြို့နယ်တို့တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့်  တရားစွဲဆိုခံထားရသည်။

 ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ခန္တီးမြို့တွင်လည်း ကန့်ကွက်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘော ဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly