ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်မဟုတ်သူများကို ပါတီဝင်ခွင့် ပြည်ခိုင်ဖြိုး ကန့်သတ်

ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်မဟုတ်သူများကို ပါတီဝင်ခွင့် ပြည်ခိုင်ဖြိုး ကန့်သတ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၁ ။             ။ ရခိုင်ပြည်နယ်၊  ပြည်ခိုင်ဖြိုးပါတီတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည့် တိုင်းရင်းသားမျိုးနွယ်မဟုတ်သူများနှင့် နိုင်ငံသားဖြစ်ခွင့် မရှိသူများကို ပါတီဝင်ရန် ခွင့်မပြုကြောင်းနှင့် ယခင် ရှိခဲ့သော ထိုကဲ့သို့ ပါတီဝင်များကိုလည်း ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသန်းဝေက ပြောသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်စလင်ဘာသာဝင်တွေပေါ့၊ ထုတ်ပယ်ရတဲ့ အကြောင်းရင်းကလည်း နိုင်ငံသား ဖြစ်ခွင့်ရတဲ့သူတွေ နိုင်ငံသားဖြစ်ခွင့်မရတဲ့သူတွေ၊ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရောထွေးယှက်ထည်မှုတွေနဲ့ များနေပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကလည်း နိုင်ငံသားဖြစ်ခွင့်ရှိတယ် မရှိဘူးဆိုတာကို ကျွန်တော်တို့က ဂဃနဏ မသိတဲ့ အတွက်ကြောင့်မို့လို့ အကုန်လုံးကိုပဲ ကျွန်တော်တို့ ပါတီကနေ ပယ်ရှားခဲ့တဲ့သဘောပါ။" ဟု ဦးသန်းဝေက ဆိုသည်။

ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ခဲ့သည့် တိုင်းရင်းသားမျိုးနွယ်မဟုတ်သူများကိုလည်း ထုတ်ပယ်ခဲ့ပြီး ထုတ်ပယ်ခဲ့သည့် ပါတီဝင် အရေအတွက်သည် သုံးသောင်းကျော်ရှိခဲ့ကြောင်း ဦးသန်းဝေက ခန့်မှန်းပြောဆိုသည်။

ကမန်တိုင်းရင်းသားများကိုမူ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သည့်အတွက် ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခြင်းမရှိဟု ဆိုသည်။

ထိုပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်လွှတ်တော်၌ မဲဆန္ဒနယ်ရာ ၁၄ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၃ နေရာသာ အနိုင်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required