“ပါတီကိုကြည့်ပါ၊ လူကိုမကြည့်ပါနဲ့” ဆိုသည့် NLD ပါတီ၏ မဲဆွယ်စကားကို တ.စ.ညပါတီ ဒုဥက္ကဋ္ဌဝေဖန်

“ပါတီကိုကြည့်ပါ၊ လူကိုမကြည့်ပါနဲ့” ဆိုသည့် NLD ပါတီ၏ မဲဆွယ်စကားကို တ.စ.ညပါတီ ဒုဥက္ကဋ္ဌဝေဖန်
ဓာတ်ပုံ - ရဲနိုင်( လောက်ကိုင်)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၁ ။             ။ “ပါတီကိုကြည့်ပါ၊ လူကိုမကြည့်ပါနဲ့” ဆိုသည့် NLD ပါတီ၏ မဲဆွယ်စကားကို တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ဝေဖန်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်၊ ရွေးကောက်ပွဲအတွင်းက NLD ပါတီမှ မဲဆွယ်စည်းရုံးခဲ့ရာတွင် “ ပါတီကိုကြည့်ပါ။ လူကိုမကြည့်ပါနှင့်”ဟု ပြောဆိုမဲဆွယ်ခဲ့မှုများကြောင့် လက်ရှိတွင် NLD ပါတီအနေဖြင့်  လူပိုင်းဆိုင်ရာ ပြဿနာ ကြီးကြီးမားမား ကြုံတွေ့နေရကြောင်း ဦးဟန်ရွှေက ပြောသည်။

“ NLD အနေနဲ့ ပါတီကိုကြည့်ပါ။ လူကိုမကြည့်ပါနဲ့ဆိုတဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ပြောခဲ့တဲ့ဟာအရ အခု လူပိုင်းဆိုင်ရာပြဿနာတွေ အများကြီးကြုံနေရတယ်။ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ။ နောက်..ဘာတွေ့ရလဲဆိုရင် အရင်က မ.ဆ.လ၊ မ.ဆ.လ ဆိုပြီးတော့ အကြီးအကျယ် အော်ခဲ့တဲ့လူတွေက အဲ့ဒီလိုတွေ ဒီကနေ့ ဒီဟာတွေ ပြန်ကြုံနေရတဲ့ အခြေအနေတွေကို တွေ့ရတာပေါ့။ ဒါ အံ့သြစရာပဲ။ အဲ့ဒီတော့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ ကျွန်တော်တို့ ဒီသင်ခန်းစာတွေယူပြီးတော့ အတတ်နိုင်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ပြောချင်ပါတယ်”ဟု တ.စ.ည ပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ ဗဟိုကော် မတီဌာနချုပ်တွင် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အခမ်း အနားမကျင်းပမီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မဇ္စျိမ၏ မေးမြန်းမှုကို ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး(တ.စ.ည)ပါတီအနေဖြင့် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများရွေးချယ်ရန် ပြင်ဆင်နေပြီး အမျိုးသားဒီမိုကရေစီချုပ်(NLD) ပါတီ၏ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို သင်ခန်းယူကာ လုပ်ဆောင်သွားမည်ဟုလည်း တ.စ.ည ပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေ က ဆက်လက်ပြောဆိုခဲ့သည်။

“ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ၆၄ ယောက် ပါဝင်ခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဝန်ကြီး ၉ ယောက် တာဝန်ပေးခံရပါတယ်။ ဝန်ထမ်းရွေးချယ်ရေး ပြည်ထောင်စုအဆင့်မှာ ၁ ယောက်တာဝန်ပေးခံရပါတယ်။ ပါတီကိုလည်းကြည့်ပါ၊ လူကိုလည်းကြည့်ပါဆိုတဲ့ အဲ့ဒီခံယူချက်နဲ့ လုပ်ခဲ့တဲ့အတွက် အဲ့ဒီ ၆၄ ယောက်မှာ တစ်ယောက်မှ ဒီကနေ့ NLD မှာဖြစ်တဲ့ကိစ္စတွေလို မကြုံခဲ့ရဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်”ဟု တ.စ.ည ပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။

တ.စ.ည ပါတီအနေဖြင့် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိ အကြမ်းဖျဉ်းအရ  မြို့နယ်ပေါင်း ၁၃ဝ ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ရာခိုင်နှုန်းအနေဖြင့် တစ်နိုင်ငံလုံး၏ ၄၄ ရာခိုင်နှုန်းခန့်အထိ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါ အချက် အလက်များကို လာမည့် ဇွန်၊ ဇူလိုင်လများတွင် အသေးစိတ်ပြန်လည်စိစစ်ကာ ကိုယ်စားလှယ် လောင်း လျာထားမှုများကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး(တ.စ.ည)ပါတီမှ သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအား ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတွင် ဖွဲ့စည်းထားပြီး ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအထိ မြို့နယ်ပေါင်း ၂၉၈ မြို့နယ်အတွင်း ဖွဲ့စည်းထားနိုင်ခဲ့ကာ လက်ရှိတွင် ပါတီဝင်အင်အား ၄ သိန်းကျော်ရှိကြောင်းသိရသည်။

အဆိုပါ ပါတီဝင်အင်အား ၄ သိန်းကျော်မှာ  လျော့နည်းသွားသည့် ပမာဏဖြစ်ပြီး ယခင်က ပါတီဝင်အင်အား ၇ သိန်းကျော်ထိရှိခဲ့ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required