ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကရင်နီလူငယ်များ လွှတ်တော်ဟစ်တိုင်မှာ ဆန္ဒဖော်ထုတ်ခွင့် တစ်ရက်ရရှိ

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကရင်နီလူငယ်များ လွှတ်တော်ဟစ်တိုင်မှာ ဆန္ဒဖော်ထုတ်ခွင့် တစ်ရက်ရရှိ
photo-ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ။           ။ ကယားပြည်နယ် လွိုင်ကော်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ကရင်နီပြည် လူငယ် အင်အားစုများအနေဖြင့် လွှတ်တော်ဟစ်တိုင်၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့ တစ်ရက် ဆန္ဒဖော်ထုတ်ခွင့် ရရှိခဲ့သည်ဟု ကရင်နီပြည် လူငယ်များအင်အားစုအဖွဲ့မှ ကိုဒီးဒီးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ဒီနေ့(ဖေဖော်ဝါရီ ၁၁) တစ်ရက်ပဲ ခွင့်ပြုချက်ပေးတယ်။ ညနေ သုံးနာရီကနေ ငါးနာရီအထိပဲ အချိန်ပေးတယ်ပေါ့နော်” ဟု ကိုဒီးဒီးက ဆိုသည်။

ကယားပြည်နယ် လွှတ်တော်ဝန်းအတွင်း၌ ရှိသည့် လွှတ်တော်ဟစ်တိုင်အား အသုံးပြုခွင့် ပေးသည့် ကိစ္စသည် လွှတ်တော်ဥက္ကဌ ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ခြင်းကြောင့် ဆန္ဒဖော်ထုတ်ခွင့် ဆက်လက်ရရှိရန် လွှတ်တော်ဥက္ကဌနှင့် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည်ဟု ကရင်နီပြည် လူငယ်များအင်အားစုအဖွဲ့က ဆိုသည်။

ကန္တာဟေဝန်ပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ် ကြေးရုပ်တုအား ရွှေ့ပြောင်းပေးရန်၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြသည့် လူငယ်များအပေါ် တရားစွဲဆိုထားမှုများကို ရုပ်သိမ်းပေးရန်၊ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူထားခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထုဆန္ဒ ခံယူရန် စသည့်အချက်များကို လွှတ်တော်ဟစ်တိုင်မှ တောင်းဆိုသွားမည်လည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကြောင့် ကရင်နီလူငယ်များသည် ကန္တာဟေဝန်ပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာပိုင်များက ဖြိုခွဲခဲ့သည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ယင်းအတွက်ကြောင့် ကရင်နီလူငယ်များမှ ဖေဖော်ဝါရီလ ၃  ရက်နေ့တွင် ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်ခဲ့သော်လည်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် ဖြိုခွဲခဲ့ပြီး လူ ၄၀ ကျော်ကို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။

ထို့ကြောင့် ကရင်နီပြည် လူငယ်များအင်အားစုမှ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဖြင့် လာရောက်တွေ့ဆုံခဲ့ပြီး လွှတ်တော် ဟစ်တိုင်၌ ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြုပေးရန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒဖော်ထုတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိရန် ပြင်ဆင်နေချိန်က စပြီး လက်ရှိအချိန်အထိ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ဒေသခံ ကရင်နီပြည် လူငယ်အင်အားစုအဖွဲ့မှ  လူငယ် ၅၅ ယောက်ကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မ (၁၉ )၊ (၂၀)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ (ဂ)တို့ဖြင့် အမှုဖွင့်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင်လည်း ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်မှုများရှိခဲ့သလို ပြီးခဲ့သည့်နှစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘောဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly