ရန်ကုန်-စစ်တွေကားလမ်းတွင် မိုင်း ၃ လုံး ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်-စစ်တွေကားလမ်းတွင် မိုင်း ၃ လုံး ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ။             ။ ရန်ကုန်-စစ်တွေကားလမ်း၊ မြောက်ဦးမှ ကျောက်တော်ကိုအသွား ၁၆ မိုင်အကွာတွင် ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက်ပိုင်းက မိုင်း ၃ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမမှ စုံစမ်းသိရှိရသည်။

 “ ကျောက်တော်-မြောက်ဦးနားမှာ မနက် ၉ နာရီလောက်က ရန်ကုန်-စစ်တွေကားလမ်းမှာ ရီမုမိုင်း ၃ လုံး ကွဲတယ်။ လူ ထိခိုက်ဒဏ်ရာ မရှိပါဘူး” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အဆိုပါကားလမ်းဘေးတစ်လျှောက်တွင် ရွာများတည်ရှိသော်လည်း မိုင်းပေါက်ကွဲခဲ့သည့်နေရာသည် ရွာများနှင့် အနည်းငယ်လှမ်းကြောင်း မြောက်ဦးပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

“ မိုင်းဖောက်သံကြားရတယ်။ မိုင်းကွဲတယ်။ ဘယ်သူထောင်လဲ တော့မသိဘူး” ဟု ၄င်းက ဆိုသည်။

မိုင်း ၃ လုံးပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမတည်ရှိရာ မင်းပြားနှင့် မြောက်ဦးမြို့နယ်ကြား မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့တွင် အဝေးပြေးလမ်းပေါ်ရှိ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြား မပေါက်ကွဲသေးသော လက်လုပ်မိုင်း ၄ လုံးကို ထပ်မံ တွေ့ရှိခဲ့သေးသည်။

ထို့အပြင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်တွေ – ရန်ကုန် အဝေးပြေးကားလမ်း မြောက်ဦးနှင့် မင်းပြားကြား မြောင်းဘွေရွာအနီးမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ နှစ်အစတွင်ပင် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ယင်းအဝေးပြေးလမ်းတွင်ပင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှင့် မိုင်း အမြောက်အမြားကို တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required