မြန်မာ့ပဲမျိုးစုံကို အိန္ဒိယသို့ G to G စနစ်ဖြင့် တင်ပို့ရေး မြန်မာဘက်မှ ကြိုးပမ်းမည်

မြန်မာ့ပဲမျိုးစုံကို အိန္ဒိယသို့ G to G စနစ်ဖြင့် တင်ပို့ရေး မြန်မာဘက်မှ ကြိုးပမ်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ။           ။ မြန်မာအစိုးရအနေဖြင့် အိန္ဒိယနိုင်ငံကို အစိုးရအချင်းချင်း (G to G) စနစ်ဖြင့် ပဲတင်ပို့နိုင်ရေး ညှိနှိုင်းသွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကပြုလုပ်ခဲ့သည့် ကမ္ဘာ့ပဲနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ကတော့ ပဲ၊ နှမ်း ကုန်သည်များအသင်းနဲ့ ညှိနှိုင်းထားတာတော့ ကျွန်တော်တို့ဘက်ကလည်း လိုက်ပါဆောင်ရွက်ပေးမယ်။ မကြာခင်မှာ ကျွန်တော်တို့ဝန်ကြီးက အိန္ဒိယသွားဖို့ ရှိတယ်။ အဲ့ဒီကြရင်လည်း ဒီ ပဲကိစ္စကို ဆက်ပြီးတော့ တင်ပြဖို့ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာ့ပဲ၏ အဓိက ဝယ်လက်ဖြစ်သည့် အိန္ဒိယအစိုးရမှ မြန်မာ့ပဲတင်ပို့မှုကို အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့် ပြုလိုက်ခြင်းကြောင့် တောင်သူများနှင့် ပဲကုန်သည်များ အခက်အခဲများဖြင့် ရင်ဆိုင်လာရခြင်းလည်း ဖြစ်သည်။

“ ဒီဘက်ကအခုလက်ရှိ G to G နဲ့ပတ်သက်လို့ MOU ထိုးဖို့ကို စာချုပ်မူကြမ်းအနေနဲ့ ပြောရင် အိန္ဒိယသံရုံးက တစ်ဆင့် ပို့ထားပြီးပြီ။ ၂ လနီးပါးလောက် ရှိပြီ။ ဒါပေမယ့် သူတို့ဘက်က ပြန်တုံ့ပြန်မ ှုမရှိသေးဘူး။ ပြန်တုံ့ပြန်မှ ပဲ MOU ကို အားချင်းထိုးလို့ရမယ်လို့ ယူဆတယ်။ ဒါပေမယ့် ကိုယ်ထင်တယ်။ ပဲရာသီပေါ့ ဒီ ၂ လ၊ ၃ လ အတွင်းမှာ ဖြစ်ဖို့ ခက်မယ်လို့ ထင်တယ်။ ဟိုဘက်ကလည်း MOU ထိုးချင်တယ်။ ကိုယ်တို့ မြန်မာနိုင်ငံကလည်း ထိုးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၂၀၁၉ ထဲမှာ ဖြစ်နိုင်မယ်လို့ထင်ပါတယ်” ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည် များအသင်းအတွင်းရေးမှူး ဦးမင်းကိုဦး ကပြောသည်။

၂၀၁၇ ခုနှစ်ခန့်မှစတင်ကာ အိန္ဒိယပြည်တွင်းမှာ ပဲမျိုးစုံအထွက်နှုန်း တိုးတက်ခဲ့သည့်အတွက် ပြည်ပပဲတင်ပို့မှု ကို အကန့်အသတ်ဖြင့်သာ တင်ပို့ခွင့် ပြုနေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly