ရခိုင်ဒေသရှိ တိုက်ပွဲများကြောင့် ရွာခံ ၂ ထောင်ဝန်းကျင် အကူအညီလိုအပ်နေ

ရခိုင်ဒေသရှိ တိုက်ပွဲများကြောင့် ရွာခံ ၂ ထောင်ဝန်းကျင် အကူအညီလိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ။            ။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့၏တိုက်ပွဲများကြောင့် ရွွာသူရွာသား ၂ ထောင်ဝန်းကျင်ခန့် မှာ စစ်ရှောင်စခန်းများသို့ သွားရောက်နိုင်ခြင်းမရှိဘဲ ရွာများတွင်ပိတ်မိကာအကူအညီများ လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။

“ အဲ့စာရင်းက အတိအကျတော့မရဘူး။ Camp တွေကိုတော့ စာရင်းအတိအကျ ရတယ်။ ဒါပေမယ့် အဲဒီ ပိတ်မိနေတဲ့ရွာတွေမှာရှိတဲ့ စာရင်းတွေကြတော့ တချို့ပိတ်မိနေတဲ့နေရာတွေက သွားလာရအရမ်းခက်ခဲတဲ့ နေရာဖြစ်တော့ အတိကျကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် အနီးစပ်ဆုံး ခန့်မှန်းတာက ၂ ထောင်ကျော်လောက် ရှိမယ်ပေါ့ ” ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါရွာများမှာ ရသေ့တောင်မြို့နယ်ရှိ သမီးလှကျေးရွာနှင့် အုန်းချောင်းအနီးတစ်ဝိုက်ရွာမျာ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အစပ်တွင်ရှိသည့် တောင်ပြို၊ ခထီးလှတစ်ဝိုက်ရှိရွာများ၊ ကျောက်တော်မြို့နယ် ရိုးချောင်းတွင် ရှိနေသည့် သလူချောင်းအနီးတစ်ဝိုက်အုပ်စု နှင့်  စိုင်းတင်တောင်တန်းအနီးတစ်ဝိုက်က ရွာ ၃၊ ၄ ရွာတို့ ဖြစ်ကြကြောင်း ၄င်းက ဆိုသည်။

အသွားအလာကန့်သတ်ထားခြင်းမျိုးမရှိသော်လည်း တိုက်ပွဲကြားတွင် ပိတ်မိသူများရှိသကဲ့သို့ ရွာအနီးတစ်ဝိုက် တွင် တိုက်ပွဲထိတွေ့မှုများရှိသောကြောင့် ထိတ်လန့်နေကြရကြောင်းလည်း သိရသည်။

“ တချို့ကြတော့ သမီးလှလိုရွာက ရွာထဲမှာကို ရှင်းလင်းမှုတွေရှိနေတော့ တချို့ရွာတွေက အရမ်းကို ကြောက်လန့်နေကြတယ်။ သူတို့ပုံမှန်လုပ်စားနေတဲ့အလုပ်အကိုင်တွေမရှိတော့ဘူး ” ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။

ထို့အပြင် အဆိုပါရွာများတွင် ပုံမှန်သွားလာလှုပ်ရှားမှုများလည်း မရှိတော့ဘဲ ကျန်းမာရေးအစောင့်အရှောက် များလည်း ရှိမနေတော့ကြောင်း ၄င်းက ဆိုသည်။

ထိုသူများသည်စစ်ဘေးရှောင်စခန်းများတွင်ရောက်ရှိနေသူများမဟုတ်သည့်အတွက် နိုင်ငံတကာ NGO အဖွဲ့ အစည်းတွေအပြင် အစိုးရဘက်မှလည်း ကူညီထောက်ပံ့မှုများလည်း လာရောက်မှု မရှိကြောင်းလည်း သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့၏တိုက်ပွဲများကြောင့် ဖေဖော်ဝါရီ ၇ ရက်နေ့လောက်အထိ စာရင်းများအရ စစ်ဘေးရှောင်စခန်းများတွင် ၅ ထောင်ကျော် ရှိနေပြီး အဆိုပါပိတ်မိနေသည့် ရွာများပါဝင်ပါက စစ်ဘေးရှောင် ၇ ထောင်ကျော်အထိ ရှိလာပြီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly