ရန်ကုန်မှာ အလုံးအရင်းမိတဲ့ မူးယစ်ဆေးကိစ္စ ရုပ်လုံးပေါ်ကာနီးပြီဟု မူးယစ်တားဆီးဗဟိုခေါင်းဆောင် ပြော

ရန်ကုန်မှာ အလုံးအရင်းမိတဲ့ မူးယစ်ဆေးကိစ္စ ရုပ်လုံးပေါ်ကာနီးပြီဟု မူးယစ်တားဆီးဗဟိုခေါင်းဆောင် ပြော

နေပြည်တော်၊ အောက်တိုဘာ ၁။ ။ ရန်ကုန်မြို့ မင်္ဂလာဒုံစက်မှုဇုန်ဝင်းအတွင်း ဇူလိုင်လ ၂၆ရက်က ဖမ်းမိခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၁၄၀ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းကိစ္စနှင့် ပတ်သက်ပြီး ၁၁ဦးကို ဖမ်းဝရမ်းထုတ်ထားသည်။ သို့သော် ယခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးသည့်အတွက် ၅၁နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ ရဲမှူးကြီး မြင့်အောင်ကို သတင်းထောက်များက မေးမြန်းထားသည့် မေးခွန်းအချို့ကို မဇ္ဈိမက ကောက်နုတ်တင်ပြလိုက်သည်။

 

မေး ။ ရန်ကုန်မြို့မှာ စိတ်ကြွမူးယစ်ဆေးဝါး အလုံးအရင်း ဖမ်းမိတဲ့ကိစ္စ နောက်ဆုံး ဘယ်အခြေနေရှိလဲ။

ဖြေ  ။ နောက်ဆုံးအခြေအနေကတော့ ဆက်လက်ပြီး အမှုဖြစ်စဉ်အပေါ်မှာ ဖော်ထုတ်လျက်ရှိပါတယ်။ ဒါကို မိထားတဲ့ တရားခံတွေလည်း စစ်ကြောရေး ပူးပေါင်းပြီးတော့ဆောင်ရွက်တယ်။ ကျွန်တော်တို့ နေအိမ်တွေကို ရှာဖွေခြင်း နောက်ပြီးတော့ ကျွန်တော်တို့ သူတို့ ပတ်သက်တဲ့ အဆက်အသွယ်တွေကို ဆက်လက်ဖော်ထုတ် တယ်။ ကွင်းဆက်တရားခံများကို ပြည်တွင်းမှာရော ပြည်ပမှာဆိုလည်း ဆပ်စပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေက တားဆီး နှိမ်းနင်းရေးအဖွဲ့တွေနဲ့ အတူပူးပေါင်းပြီးတော့ ဖော်ထုတ်လျက်ရှိပါတယ်။
            
တရုတ်နိုင်ငံအပါဝင် ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေရှ့်အကုန်လုံးကို ကျွန်တော်တို့က အကြောင်းကြားစာ တွေပို့ပါတယ်။ သူတို့ ပုံစံတွေ၊ နောက်ပြီး ဘယ်လို ကျူးလွန်တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ တွေ့ရှိရင်တော့ ပူးပေါင်းဖမ်းဆီးပေးဖို့ ကျွန်တော်တို့ အကြောင်းကြားတာရှိပါတယ်။ အလားတူပဲ နယ်စပ်မှာရှိတဲ့ ဆက်ဆံရေးရုံးမှုတွေကနေပြီးတော့ သတင်းဖလှယ်ပြီးတော့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ အဲ့ဒီမူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေက နိုင်ငံရေးနယ်ပယ်လူတွေနဲ့ ဆက်နွယ်ပတ်သက်မှုရှိပါသလား။ အချို့ကလည်း အဲ့လို ပတ်သက်ဆက်နွယ်နေတယ်လို့ သုံးသပ်တာရှိနေလို့ပါ။
                    

ဖြေ ။ လောလောဆယ်တော့ မရှိပါဘူး။ ဒီမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တဲ့အဖွဲ့တွေကပဲ ပူးပေါင်းပြီး တော့မှ ဆောင်ရွက်တဲ့အနေအထားပဲ ဖော်ထုတ်ရရှိပါတယ်။ ဆက်လက်ပြီး ဖော်ထုတ်ရရှိတဲ့ အပေါ်မှာ မူတည်ပြီးမှ ကျွန်တော်တို့ သတင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။

မေး ။ အဲ့ဒီမူးယစ်ဆေးဝါးတွေ သယ်ဆောင်တဲ့လမ်းကြောင်းတစ်လျောက်မှာ မန္တလေး -နေပြည်တော် တို့ကို ဖြတ်သန်းပြီးမှ ရန်ကုန်မြို့ရောက်တော့မှ မိတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေ ဖမ်းမိတော့ ပိုင်ရှင်မဲ့ဆိုပြီး ဖမ်းမိတယ်။ မူးယစ်ဆေးဝါး အလုံးအရင်းနဲ့ မိတာတွေကို ပိုင်းရှင်မဲ့ပဲဆိုပီး ယူဆနေကြတာတွေရော ဘယ်လို မြင်ပါသလဲ။
    

ဖြေ ။ မိတုန်းက ပိုင်ရှင်မဲ့ဆိုပေမယ့် အခုဆက်စပ်ပြီးတော့ အကုန်လုံး ရုပ်လုံးပေါ်သွားပါပြီ။ ဘယ်သူက ဒီဟာကို စပ်ပြီးတော့ လုပ်တယ်။ ဘယ်လိုပူးပေါင်းပြီးတော့ လုပ်တယ်ဆိုတဲ့အပိုင်းတွေကို ကျွန်တော်တို့ ရုပ်လုံးပေါ်အောင် ဖော်ထုတ်ထားခါနီး ဖြစ်ပါတယ်။

မေး။ အဲ့ဒီဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေက မြန်မာနိုင်ငံမှအများဆုံးမိတဲ့ အနေထားလို့ ပြောလို့ရလား။

ဖြေ ။ ဟုတ်ပါတယ်။ လောလောဆယ်တေ့ာ မြန်မာနိုင်ငံမှာမိတဲ့ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြားတွေထဲမှာတော့ အများဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံပြီးရင်တော့ ကျွန်တော်တို့.. ကမ္ဘာမှာ ဒုတိယ အများဆုံးဖမ်းမိတဲ့ မှုခင်းဖြစ်ပါတယ်။    

မေး ။ သမ္မတကိုယ်တိုင်ရှိနေတဲ့ နေပြည်တော်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေရော ဖြန့်ဖြူးရောင်းချတဲ့ သူတွေရော များလာတဲ့အပေါ်မှာ မှုခင်းတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုး စီမံဆောင်ရွက်ထားတာမျိုးရှိလဲ။
    

ဖြေ ။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟို အဖွဲ့အနေနဲ့ရော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးမှာရှိတဲ့ မူးယစ်ဆေးဝါး ကော်မတီ အသီသီးပါတယ်။ ကျွန်တော်တို့ ဒေသခံသပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့လည်း ဖော်ထုတ်လျက်ရှိ ပါတယ်။ အလားတူ ကျွန်တော်တို့    မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန် တစ်ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါး အန္တရာယ် တားဆီကာကွယ်ရေး ထိရောက်စွာ ပြည်သူလူထူနဲ့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မိတ်အဖွဲ့ဖြစ်တဲ့ တပ်မတော်၊ အကောက်အခွန်ဌာနတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ပညာပေးလုပ်ငန်းတွေကိုလည်း ထိထိရောက်ဆောက်ရွက်လျက်ရှိပါတယ်။

မေ။ မူးယစ်ဆေးဝါးတားဆီးနှိမ်ရေးနှင့် ပတ်သက်လို့ မြန်မာ့ရဲတပ်ဖွဲ့အတွက် စိန်ခေါ်မှုနှင့် အခက်အခဲတွေက ဘာတွေရှိလဲ။

ဖြေ ။ လောလောဆယ်တော့ ကျွန်တော်တို့က သတင်းရရှိရေးကို အဓိက ဦးတည်ပြီးတော့ ဆောင်ရွက်ပါတယ်။ ရရှိတဲ့သတင်းအပေါ်မှာ ချိတ်ဆက်ပြီးတော့ တားဆီးနှိမ်နှင်းအဖွဲ့က ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေ ထိထိရောက်ရောက် ရမယ်ဆိုရင်တော့ နယ်မြေဒေသအသီးသီးမှာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ တားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေ ပိုမိုးပြီးတော့မှ တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အခက်အခဲမှာ တစ်ချို့နေရာတွေမှာ ကျွန်တော်တို့ လက်လှမ်းမမှီတဲ့နေရာတွေ၊ လုံခြုံရေးအရ သွားလာဖို့ ခက်ခဲတဲ့နေရာတွေမှာ အထိုက်အလျောက် အဲ့ဒီမှာ သွားပြီးတော့ ဖမ်းဆီးဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ လမ်းကြောင်းတစ်လျောက်မှာ မူတည်ပြီးတော့ ရှောင်တစ်ခင် ရှာဖွေခြင်း၊ စစ်ဆေးရေးစခန်းတွေမှာ ရှာဖွေတာတွေ လုပ်ပါတယ်။

မေး ။ မူးယစ်ရဲတပ်ဖွဲ့အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ၊ နည်းပညာအခက်အခဲဆိုင်ရာ လိုအပ်ချက်များရှိလား။      
     

ဖြေ ။ အထိုက်အလျောက်တော့ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေ၊ INGO တွေ၊ UN အဖွဲ့ အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ပူးပေါင်းပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က အရာရှိများအပါအဝင် ကျွန်တော်တို့ သင်တန်းတွေကို စေလွှတ်တယ်။  စေလွှတ်ပြီးတော့ တားဆီးနှိမ်ရေးရဲ့ လက်တွေ့နယ်ပယ်မှာ တတ်ကျွမ်းသင်ယူခဲ့တဲ့ ပညာတွေနဲ့  ထိထိရောက် ဖော်ထုတ်ဖမ်းဆီးတာတွေ ဆောင်ရွက်လျက်ရှိတယ်။

မေး ။ လက်ရှိမူးယစ်ဆေးဝါးအတွက် အထူးစီမံချက်ဆောင်ရွက်နေတာရော ရှိပါသလား။

ဖြေ  ။ လက်ရှိဆိုလို့ရှိရင် မြဝတီစစ်ဆင်ရေးကို စက်တင်ဘာလ ၁ရက်ကတည်းက ဆောင်ရွက်တာ အခုထိ ဆက်လက်ဆောင်ရွက်ဆဲလည်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဆိုရင်လည်း ရွှေလီစစ်ဆင်ရေး၊ စစ်ကိုင်း တိုင်းဒေသကြီး ဘက်ဆိုလည်း ချင်းတွင်းစစ်ဆင်ရေး၊ ဒီလိုအလားတူ စစ်ဆင်ရေးတွေကို ဆက်လက်ပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required