ရခိုင်စစ်ပွဲမှာ မြန်မာစစ်တပ် ဘာကြောင့် အနိုင်ရမှာလဲ

ရခိုင်စစ်ပွဲမှာ မြန်မာစစ်တပ် ဘာကြောင့် အနိုင်ရမှာလဲ

ဘင်္ဂလားဒေ့ရှ် ဒါမှမဟုတ် အိန္ဒိယ အကူအညီ မပါဘဲ  AA အဖွဲ့က စစ်ပွဲကို တောင့်ခံနိုင်မှာ မဟုတ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်းတွေကို ဇန်နဝါရီ ၄ ရက်မှာ AA အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာတော့ AA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ စခန်းနှစ်ခု ရှိနေတယ်လို့ မြန်မာအစိုးရက အတိအလင်း ဆိုလာခဲ့ပါတယ်။ ဒီ စွဲဆိုပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကတော့ စိတ်မကျေနပ်စွာ ငြင်းပယ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရော အိန္ဒိယနိုင်ငံပါ မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေတာအတွက် ရခိုင်ပဋိပက္ခအပေါ် ဒေါက်ထောက်ကြည့်နေတာပဲ ဖြစ်ပါတယ်။ အိန္ဒိယဟာဆိုရင် ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံအတွင်းက တရုတ်သြဇာကို ကာထေးမိအောင် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် နေပြည်တော်က အဆင့်အသီးသီးနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်းက သောင်းကျန်းသူတွေ မြန်မာဖက်ခြမ်းမှာ အခြေစိုက်ထားတာနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ စိတ်ဝင်စားမှု မရှိတဲ့အပေါ် အိန္ဒိယဟာ မချင့်မရဲ ဖြစ်နေရတာ နှစ်တွေ ကြာပါပြီ။ ဒါပေမယ့် အိန္ဒိယအစိုးရဟာ ၎င်းရဲ့ ပိုင်နက်မြေထဲမှာ AA အခြေစိုက်စခန်းတွေ တည်ထောင်မှာကိုတော့ မျက်ကွယ်ပြု မနေခဲ့ပါဘူး။ အိန္ဒိယရဲ့ အမြဲတစေ တည်ငြိမ်မှု ကင်းမဲ့ရာ အရှေ့မြောက်ပိုင်းနယ်စပ်အရပ်မှာ AA အဖွဲ့ရဲ့ ပုန်းလျှိုးကွယ်လျှိုး ထောက်ပံ့ရေးလမ်းကြောင်းတွေ တည်ဆောက်ဖို့ ကြိုးစားမှုပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

အမှန်လည်း အိန္ဒိယရဲ့ ၎င်းပိုင် အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ AA ခြေကုပ်စခန်းယူမှာကို ငြင်းဆန်ပြီး မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေတဲ့ အိန္ဒိယသူပုန်တွေကို တပ်မတော်ကနေ ဆန့်ကျင်ဖြစ်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်ရင်တော့ မြန်မာရဲ့ ရှုထောင့်ဟာ အဆင်ပြေ ချောမွေ့ခြင်းတော့ မရှိနိုင်ပါ။

၂၀၁၆ နဲ့ ၂၀၁၇ မှာ တပ်မတော်ရဲ့ ARSA အဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေမှာ ဘင်္ဂါလီမွတ်စလင် ရှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ကြတာက နှစ်နိုင်ငံကြား တင်းမာတဲ့ ဆက်ဆံရေး ဖြစ်တည်မှု အစဖြစ်ခဲ့ပါတယ်။ ဘင်္ဂါလီဒုက္ခသည်တွေ နေရပ်ပြန်လည်ချထားရေးအတွက် ၂၀၁၇ နိုဝင်ဘာမှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီး ဖြစ်ပေမယ့် ဘင်္ဂါလီတွေကို နိုင်ငံသား ဖြစ်ခွင့် ဒါမှမဟုတ် ဒုက္ခသည်တွေ ပြန်လည်လက်ခံမှုမှာ နိုင်ငံတကာစောင့်ကြည့်မှုတွေကို လိုက်လျောခွင့်ပြုမယ့်ပုံ မြန်မာဖက်မှာ ရှိမနေပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၎င်းရဲ့ ပိုင်နက်ထဲ AA ကို စစ်စခန်းနှစ်ရပ် ဖွင့်လှစ်ခွင့် ပြုထားတယ်ဆိုတဲ့ မြန်မာရဲ့ စွပ်စွဲချက်ဟာ AA ကို အသုံးချပြီး ဘင်္ဂလားဒေ့ရှ်က အသာစီးယူမယ်ဆိုတဲ့ စိုးရိမ်စိတ်ကို လှစ်ပြနေတာပဲ ဖြစ်ပါတယ်။

ကျိုးကြောင်းခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ မြန်မာနိုင်ငံရဲ့ ဒီစိုးရိမ်ပူပန်စိတ်ဟာ မကြာသေးခင်က ARSA ရဲ့ တိုက်ခိုက်မှုနှစ်ရပ် မောင်တောမြို့နယ်မှာ ဖြစ်ပွားပေါ်ပေါက်ခဲ့တာကြောင့် ပိုမိုဆိုးဝါးစေရပါတယ်။ ARSA ဟာ ဇန်နဝါရီ ၁၆ ရက်မှာ ရဲလှည့်ကင်းကားကို ခြုံခိုတိုက်ခိုက်တာနဲ့ ဇန်နဝါရီ ၂၄ မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ နယ်စပ်စခန်းတစ်ခုကို တိုက်ခိုက်တာတွေ ကျုးလွန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်စဉ်တွေအရ AA အတွက် တိတ်တဆိတ် ထောက်ပံ့တဲ့ နိုင်ငံရေး အာသီသ ဒါမှမဟုတ် သံတမန် စစ်ထိုးတဲ့ အခင်းအကျင်းမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေနိုင်တာအပေါ် သံသယရှိရကြောင်း ဒေသတွင်းရော၊ အနောက်တိုင်းလုံခြုံရေးတာဝန်ရှိသူတွေအပြင် အကဲဖြတ်တွေက ယူဆထားကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ဘန်ဒါဘန် ခရိုင်မှာ AA လှုပ်ရှားမှု ရှိနေနိုင်တာဟာဆိုရင် အဲဒီအရပ်ဟာ ရခိုင်တွေရဲ့ တိုင်းရင်းသားမျိုးနွယ် မာမာဗုဒ္ဓဘာသာတွေ နေထိုင်ရာ ဖြစ်တာကြောင့် တိုင်းရင်းသားချင်း ဆက်သွယ်မှုအရ ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းက သောင်းကျန်းထကြွမှုတွေကို ထောက်ပံ့ရန် ရည်ရွယ်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးရဲ့ နယ်စပ်ဗျူဟာထက် မှောင်ခိုနယ်စပ်လမ်းကြောင်းတွေမှာ ပိုမိုလှုပ်ရှားတာ ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်အချို့ကတော့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စစ်တပ်နှစ်ရပ်ကြား သံသယစိတ် ကြီးထွားလာခြင်းနဲ့ နယ်စပ်နှစ်ဖက်စလုံးမှာ လက်နက်ကိုင်အဖွဲ့တွေ ရှိနေခြင်းဟာ ပြဿနာကို ပိုဆိုးစေမယ့် ဖြစ်ရပ်တွေပါပဲ။ ဒါပေမယ့် ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦးကတော့ “စိမ့်ဝင်နိုင်တဲ့ နယ်စပ်တစ်လျှောက်က သောင်းကျန်းသူ လှုပ်ရှားမှုတွေနဲ့ နှစ်ဖက်စစ်တပ်ကြားက ယုံမှားသံသယတွေဟာ စစ်ရေးအမှား တွက်ချက်မိစေမယ့် လမ်းကြောင်းတွေပါပဲ။”လို့ မှတ်ချက်ပြု ပြောပါတယ်။

ဒါပေမယ့် ခုအခြေအနေအတွက် အနည်းငယ် ကောက်ချက်ဆွဲလို့ ရတာကတော့ AA ရဲ့ စစ်ပွဲသစ်ဟာ ယုံကြည်လောက်တဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေတစ်လျှောက် စစ်လက်နက်ပစ္စည်း ရင်းမြစ်တွေကို ရရှိလာနိုင်စေမှာ ဖြစ်ပြီး လာမယ့်လတွေမှာ တိုက်ပွဲတွေ ဆက်ဆင်နွှဲဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာခဲ့ရင် တပ်မတော်ရဲ့ စစ်ဆင်ရေး အရှိန်မြင့်လာမှာပဲ ကျိန်းသေပဲ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ နောက်ထပ်ထိပ်တိုက်တွေမှုတွေ မလာခင် AA ကို အင်အားနည်းအောင် စစ်ဆင်တော့မှာပဲ ဖြစ်ပါတယ်။

Mizzima Weekly