အစိုးရနှင့် KIO အပါအဝင်မြောက်ပိုင်း ၄ ဖွဲ့တို့ အပစ်ရပ်ရေး တရားဝင်ဆွေးနွေးမည်

အစိုးရနှင့် KIO အပါအဝင်မြောက်ပိုင်း ၄ ဖွဲ့တို့ အပစ်ရပ်ရေး တရားဝင်ဆွေးနွေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။           ။ အစိုးရအပါအဝင် တပ်မတော်နှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့တို့ အပစ်ရပ်ရေး တရားဝင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်ရန်ရှိနေကြောင်း သိရသည်။

 အစိုးရဘက်မှ ကိုယ်စားလှယ်များအပြင် တပ်မတော်ဘက်သို့လည်းဖိတ်ကြားထားပြီး မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် တအောဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ရက္ခိုင့်တပ် (AA)၊  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) နှင့် ကချင်လွတ်လပ်ရေးတပ်(KIA/KIO)  တို့ တွေ့ဆုံကြရန် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ ခေါင်းစဉ်ကြီးတွေဆိုရင်တော့ အပစ်ရပ်ပြီးမှ IDP (စစ်ရှောင်)တွေ နေရာချထားပြီးမှ ကျန်တဲ့အလုပ်တွေ ပြန်ဆက်လုပ်ဖို့ အနေအထားမျိုးပါ။ IDP ကိစ္စ၊ အပစ်ရပ်ကိစ္စ အဲဒါကတော့ အဓိကဖြစ်သွားမှာပါ” ဟု PCG မှ ဦးဆန်းအောင်က ဆိုသည်။

 သို့သော် တွေ့ဆုံမည့်ရက်နှင့် နေရာကို အတည်တကျပြောဆိုထားခြင်းမျိုးမရှိသေးဘဲ ဖေဖော်ဝါရီလလယ်ပိုင်း လောက်တွင် ဖြစ်နိုင်ကြောင်း၊ အစိုးရဘက်မှ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဘက်မှပုဂ္ဂိုလ်များ လာရောက်ဖွယ်ရှိကြောင်းလည်း သိရသည်။

“ ပြည်ထောင်စုနေ့ပြီးတဲ့နောက်ပိုင်းပေါ့ ။ အစိုးရဘက်ကတော့ ပြည်တွင်းတစ် နေရာရာမှာလုပ်ဖို့ အဆိုပြုထားပါ တယ်” ဟု ဦးဆန်းအောင်က ပြောသည်။

 ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အစိုးရဘက်မှ NRPC နှင့် KIO တို့ တွေ့ဆုံဆွေးနွေးခြဲ့ကပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။

အလားတူ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ကလည်း KIO ဌာနချုပ်အပြင် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်ရပ်ရေး၊ ပြည်တွင်း IDP များပြန်လည်နေရာချထားရေးကိစ္စများအတွက် ဆွေးနွေးခဲ့သေးသည်။

KIO အပါအဝင် အဆိုပါမြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့သည့် NCA မထိုးဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ကြိုးပမ်းနေသည့် ( ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ) FPNCC အဖွဲ့ဝင်များလည်းဖြစ်သည်။

 KIA ၊ TNLA တို့ နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသော်လည်း လက်ရှိတွင် အပစ်ရပ်ထားပြီး AA နှင့်သာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required