မြန်မာ့ဘောလုံးအကယ်ဒမီများတွင် တက်ရောက်ရန် မတ်လအတွင်း လူရွေးချယ်မှုများ ပြုလုပ်မည် 

မြန်မာ့ဘောလုံးအကယ်ဒမီများတွင် တက်ရောက်ရန် မတ်လအတွင်း လူရွေးချယ်မှုများ ပြုလုပ်မည် 
အသက် ၁၄ အောက် မျိုးဆက်သစ် လူငယ်ကစားသမားများအား တွေ့ရစဉ်။

ဖေဖော်ဝါရီလ ၉ ။              ။ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှ ကစားသမား အယောက် ၃၀ ကျော် လာမည့်မတ်လအတွင်း ရွေးချယ်ပြီး ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီများတွင် ဘောလုံးပညာ သင်ကြားပေးရန် ရှိနေကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ( MFF) ထံမှ သိရသည်။

"လာမည့် မတ်လထဲမှာ လူရွေးချယ်ပြိုင်ပွဲတွေ လုပ်ဖို့ ရှိတယ်။ လူရွေးချယ်ပြိုင်ပွဲဆိုတာကလည်း အသစ်တော့ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်ထဲမှာ 100 Plus နဲ့ MFF တို့ ပူးပေါင်းပြီး ပြည်နယ်နဲ့တိုင်း အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ လုပ်ခဲ့တာရှိတယ်။ အဲဒီပွဲကနေ ဆန်ခါတင် လူရွေးချယ်ထားတဲ့ ကလေးတစ်ချို့ရှိတယ်။ MNL နဲ့ MPT နဲ့ ပူးပေါင်းပြီး ပြည်နယ်အလိုက် အသက် ၁၄ နှစ်အောက်ပြိုင်ပွဲ လုပ်ခဲ့တာ ရှိတယ်။ အဲဒီပြိုင်ပွဲကနေလည်း ဆန်ခါတင် ရွေးချယ်ထားတဲ့ကစားသမားအချို့ ရှိပါတယ်။ အဲဒီတော့ ရွေးချယ်ထားတဲ့ ကလေးတွေအားလုံးကို ပြန်ခေါ်ပြီးတော့ လူရွေးချယ်ရေးပြိုင်ပွဲလေး လုပ်မှာပါ " ဟု MFF ၏ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

ထို့ကြောင့် ရန်ကုန်မြို့၊ အောင်ဆန်းကွင်းတွင် လူရွေးချယ်ရေးပြိုင်ပွဲများပြုလုပ်ပြီး အကယ်ဒမီအတွက် လူရွေးချယ်မှုများကို ပြုလုပ်မည် ဖြစ်သည်။

" ပြိုင်ပွဲဝင်အသင်း ၈ သင်းပါမယ်။ အဲဒီပြိုင်ပွဲကနေပြီးတော့ အသက်၁၄ နှစ်အောက် ကစားသမား အယောက် ၃၀ လောက်ရွေးချယ်ပြီး ဘောလုံးအကယ်ဒမီမှာ သင်ကြားပေးဖို့ရှိပါတယ် " ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရန်ကုန်၊ ပုသိမ်၊ မန္တလေး စသည့် မြို့ကြီး ၃ မြို့တွင် ဘောလုံး အကယ်ဒမီများ ဖွင့်လှစ်ထားရှိပြီး မျိုးဆက်သစ်ကစားများ မွေးထုတ်ပေးလျက်ရှိကာ လက်ရှိအချိန်တွင် ထိုင်းကလပ်ရောက် နာမည်ကြီးကစားသမား အောင်သူကလည်း အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly