YBS ယာဉ် ငွေပေးချေစက်များ မေလတွင် စတင်တပ်ဆင်မည်

YBS ယာဉ် ငွေပေးချေစက်များ မေလတွင် စတင်တပ်ဆင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ  ၉ ။              ။ YBS ယာဉ်များတွင် ယာဉ်စီးခကတ်များဖြင့် ငွေပေးချေနိုင်မည့် ငွေပေးချေစက်များကို မေလတွင် စတင် တပ်ဆင်နိုင်မည်ဟု တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီဘက်မှ ပြောဆိုသည်။

“ ကျွန်မတို့  ပြင်ဆင်တာနဲ့ ပစ္စည်းတွေဘာတွေသွင်းတာပြီးတော့  ၃ လလောက်နေရင် (မေလ) တော့ ကားပေါ် တွေ စတပ်မယ်လို့တော့ အကြမ်းဖျဉ်း တွက်ထားတယ်” ဟု Asia Starmar Transport Intelligent ကုမ္ပဏီမှ Chief Marketing Officer မရီရီခင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ YBS ငွေပေးချေမှု ကို ကတ်စနစ်သို့ပြောင်းလဲရန် လုပ်ဆောင်နေခြင်း ဖြစ်ပြီး လာမည့် ဇွန်လတွင် YBS ယာဉ်များတွင် စတင် အသုံးပြုနိုင်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။ 

ထို့ကြောင့် ကားများတွင် ငွေပေးချေစက်များ တပ်ဆင်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ယင်းစက်ကို ယာဉ် အတက်နှင့် အဆင်းပေါက်တွင် ထားရှိသွားမည်ဖြစ်သည်။ အဆိုပါစက်များ တပ်ဆင်ပြီးပါက မြို့တွင်း ယာဉ်လိုင်းများဖြစ်သည့် YBS ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းများတွင်  ယာဉ်စီးခကတ်များဖြင့် ဇွန်လမှစတင်ပြီး အသုံးပြုနိုင်တော့မည်လည်း ဖြစ်သည်။

အဆိုပါစက်တွင် အသုံးပြုမည့် ယာဉ်စီးကတ် ငွေဖြည့်ရန် E Card စင်တာများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကတ်ဖိုး ကျပ် ၂၀၀၀ ကျသင့်မည်ဟု ကနဦး သိထားရသည်။

မူလက ဖေဖော်ဝါရီလတွင် ကတ်စနစ် စတင်အသုံးပြုနိုင်ရန်ရည်ရွယ်ထားသော်လည်း မြန်မာနိုင်ငံ၊ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့်ပြုချက်အပါအဝင် ပစ္စည်းများတင်သွင်းရန်ကိစ္စရပ်များ ရှိနေသောကြောင့်  ကတ်ဖြတ်စက်များ တပ်ဆင်ရန် ကြန့်ကြာနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် အသုံးပြုမည့် ငွေပေးချေမှု သည် လက်ရှိတွင် ငွေအကြွေများဆောင်ကာ ခရီးသည်များက ယာဉ်စီးခ ၁၀၀၊ ၂၀၀၊ ၃၀၀ ကျပ် ပေးချေနေရ ပြီး  ငွေအကြွေ မပါရှိက အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required