တနင်္သာရီဝန်ကြီးချုပ်အား တိုင်တန်းမှုများကို ပါတီဗဟိုက စိစစ်မှုလုပ်ဆောင်နေ

တနင်္သာရီဝန်ကြီးချုပ်အား တိုင်တန်းမှုများကို ပါတီဗဟိုက စိစစ်မှုလုပ်ဆောင်နေ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ။           ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်အား ပြည်သူများက တိုင်ကြားထားမှုများဖြင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုမှ စိစစ်ဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေ အားလုံးလုပ်နေပါပြီ။ လုပ်ငန်းတွေ ပြီးစီးသွားရင်တော့ အားလုံး သိရမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

တိုင်ကြားမှုများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းလွှတ်တော်မှ စိစစ်တွေ့ရှိချက်များပါသည့် အစီရင်ခံစာကို တိုင်းလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပေးပို့ထားကြောင်း ဖော်ပြခဲ့သော ဧရာဝတီသတင်းဌာနသတင်းတစ်ရပ်အရ သိရသည်။ 

တိုင်းလွှတ်တော်က ပေးပို့သည့် အစီရင်ခံစာတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆွေမျိုးတော်သူအား ကိုယ်ရေးအရာရှိ ခန့်ထားခြင်း၊ ဆွေမျိုးနီးစပ်သူများကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ငန်းများချထားပေးခြင်း၊ ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းလင်းခ ကျပ်သိန်း ၄၀၀၀ ချထားပေးခြင်း စသည့် ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်သည် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခယ်မတော်စပ်ပြီး ဦးအောင်စိုး၏ သမီးဖြစ်သူကို ဝန်ကြီးချုပ်က ၎င်း၏ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နှင့် NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးကို မြိတ်ခရိုင်ဒေသခံများက NLD ပါတီဗဟိုသို့ တိုင်ကြားခဲ့ကြပြီး ဝန်ကြီးချုပ်အား ဒုတိယအကြိမ် တိုင်ကြားခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၆ ခုနှစ်၊ ဧပြီ လ ၁ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ထား သည့် ကြေညာချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များသည် မိမိတို့၏ဇနီး၊ ခင်ပွန်း၊ ညီအစ်ကို မောင်နှမ၊ သားသမီး၊ သမက်၊ ချွေးမ၊ တူ၊ တူမ နှင့် မြေးမြစ်တို့ကို ဌာနဆိုင်ရာ အဖွဲ့အစည်း များတွင် ကိုယ်ရေးအရာရှိရာထူးတာဝန်များ ခန့်အပ်ခြင်းမပြုရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းကိုသာ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရွေးချယ်တာဝန်ပေးရန်ဟု ဖော်ပြပါရှိသည်။

သို့သော်လည်း တနင်္သာရီတိုင်းအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တွင် ရုံးအမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုး၏ သမီးဖြစ်သူ ဒေါ်ပွင့်ဖြူဖြူအောင် သည် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ အဖြစ်ပါဝင်နေကာ ယနေ့အချိန်အထိ အဆိုပါ ရုံးအမိန့်စာအား လွှမ်းမိုး ပယ်ဖျက်သည့်စာ ထွက်ပေါ်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly