မက္ကဆီကို မူးယစ်ရာဇာ အယ်ချာပိုအမှုမှာ အမေရိကန် ဂျူရီအဖွဲ့က သက်သေအထောက်အထား ပိုပြခိုင်း

မက္ကဆီကို မူးယစ်ရာဇာ အယ်ချာပိုအမှုမှာ အမေရိကန် ဂျူရီအဖွဲ့က သက်သေအထောက်အထား ပိုပြခိုင်း

နယူးယောက်၊ ဖေဖော်ဝါရီ ၈ ။               ။ အမေရိကန်နိုင်ငံမှာ တရားစွဲဆိုခံနေရတဲ့ မက္ကဆီကို မူးယစ်ရာဇာ အယ်ချာပိုရဲ့ အမှုကို ဘရွတ်ကလင်းဗဟိုတရားရုံးမှာ ဖေဖော်ဝါရီ ၇ ရက်က ဂျူရီအဖွဲ့ရဲ့ လေးရက်မြောက် စစ်ဆေးကြားနာတာအပြီးမှာ အယ်ချာပိုရဲ့ ဇနီးဖြစ်သူနဲ့ ၎င်းရဲ့ ရှေ့နေတွေ တရားရုံးကနေ ထွက်လာတာကို မြင်တွေ့ရပါတယ်။

မူးယစ်ရာဇာကြီး အယ်ချာပိုကို စစ်ဆေးကြားနာနေတာဟာဆိုရင် သုံးလကျော် ရှိနေပြီဖြစ်ပြီး အခုဆိုရင် ဂျူရီအဖွဲ့က အမှုအပေါ် စဉ်းစားဆုံးဖြတ်နေချိန်ပဲ ဖြစ်ပါတယ်။

ဂျူရီအဖွဲ့ရဲ့ ဒုတိယနေ့ ကြားနာမှုမှာတော့ အယ်ချာပိုရဲ့ အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေးဝါးတွေ တင်သွင်းမှုနဲ့ ပတ်သက်ပြီး သက်သေပိုမို ပြသနိုင်ဖို့ တရားသူကြီးကို ဂျူရီလူကြီးမင်းတွေက တိုက်တွန်းခဲ့ပါတယ်။

အဲဒီ ကြားနာမှုမှာ အမေရိကန်အစိုးရက ကြားဖြတ်အသံဖမ်းထားတဲ့ အယ်ချာပိုနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ ဖုန်းပြောဆိုမှုကို ဂျူရီလူကြီးမင်းတွေ နားထောင်ခဲ့တာလည်းပဲ ဖြစ်ပါတယ်။

ဒီ ဖုန်းပြောဆိုမှုမှာ မက်သာဖီတမင်း ဆေးပြားတစ်မျိုးဖြစ်တဲ့ ice ဆေးပြားတွေ မှောင်ခိုသွင်းဖို့ အကြောင်း ပြောဆိုထားတာလို့ သိရပါတယ်။

လက်ရှိမှာ အသက် ၆၁ နှစ်ရှိနေပြီဖြစ်တဲ့ အယ်ချာပိုကို နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း အမေရိကန်နိုင်ငံဆီ ကိုကင်း၊ ဘိန်းဖြူ၊ မက်သာဖီတမင်းနဲ့ ဆေးခြောက်တွေ တန်ချိန်ပေါင်းများစွာ တင်သွင်းခဲ့မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အပြစ်ရှိကြောင်း စီရင်ချက်ခံရရင် အယ်ချာပိုအနေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required