ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းအားကန့်ကွက်သည့် ကရင်နီလူငယ် ၄၀ ကျော် ငြိမ်းစုစီဥပဒေဖြင့် ဖမ်းဆီးခံရ

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းအားကန့်ကွက်သည့် ကရင်နီလူငယ် ၄၀ ကျော် ငြိမ်းစုစီဥပဒေဖြင့် ဖမ်းဆီးခံရ
Photo-Kayan New Generation Youth - KNGY

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ။           ။ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာဟေဝန်ပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်တု ကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြနေကြသည့် ကရင်နီလူငယ်များ၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖြိုခွဲခဲ့ပြီးနောက် လူ အယောက် ၄၀ ကျော်ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“မနေ့က သပိတ်စခန်းဖြိုခွဲတော့ ၃၆ ယောက် ဖမ်းတယ်။ ဒီကနေ့ မနက်ကျတော့ ၁၀ ယောက် ထပ်ဖမ်းတယ်။ စုစုပေါင်း ၄၆ ယောက်ပေါ့” ဟု သပိတ်မှောက် ဆန္ဒပြရာတွင် ပါဝင်သူ ကိုဒီးဒီးက မဇ္စျိမသို့  ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် အတည်ပြုပြောဆိုသည်။

 ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဗိုလ်ချုပ်ရုပ်တုအား ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့တွင် စိုက်ထူမည်ဟု ပြောဆိုခဲ့စဉ်ကတည်းက ကရင်နီပြည် လူငယ်များအင်အားစုမှ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ တရားစွဲခံထားရသူသည် စုစုပေါင်း ၅၄ ဦးအထိ ရှိလာနေပြီလည်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကြောင့် ကရင်နီလူငယ်များသည် ကန္တာဟေဝန်ပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာပိုင်များက ဖြိုခွဲခဲ့သည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ယင်းအတွက်ကြောင့် ကရင်နီလူငယ်များမှ ဖေဖော်ဝါရီလ ၃  ရက်နေ့တွင် ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်ခဲ့သော်လည်း အာဏာ ပိုင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် ဖြိုခွဲခဲ့ပြီး လူ ၄၀ ကျော်ကို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။

“ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။ ဘာဆက်လုပ်သွားမလဲဆိုတာတော့ ညှိနှိုင်းတိုင်ပင် နေတုန်း ပါပဲ။ ပုံစံပြောင်းပြီး လုပ်သွားဖို့လည်း စဉ်းစားနေပါတယ်။ အခြေအနေတွေကလဲ ဘာဖြစ်မလဲ မသိတော့လေ။ လူထုလှုပ်ရှားမှုအတွက် အားမွေးနေပါတယ်” ဟု သပိတ်မှောက် ဆန္ဒပြရာတွင် ပါဝင်သူ ကိုဒီးဒီးက ဆိုသည်။

 လက်ရှိအချိန်တွင် ကရင်နီပြည် လူငယ်များအင်အားစုမှ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဖြင့် လာရောက် တွေ့ဆုံပြီး ဟစ်တိုင်၌ ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြုပေးရန်တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဟစ်တိုင်နှင့် ပတ်သက်ပြီး ဥပဒေမရှိသေးခြင်းကြောင့် ဆန္ဒဖော်ထုတ်ခွင့် မရရှိခဲ့ပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကရင်နီပြည်လူငယ်အင်အားစုအဖွဲ့က သမ္မတဦးဝင်းမြင့် ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့ပြီး ယင်းစာထဲတွင် လက်ရှိ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် နေသည့် ကာလအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ကယားပြည်နယ်အတွင်း၌ စိုက်ထူခြင်း မပြုသင့်ကြောင်း၊ ပြည်နယ်အတွင်း၌ ဆန္ဒခံယူပြီးမှသာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စိုက်ထူ သင့်ကြောင်း ရေးသားထားသည်။

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမည့်ကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းကလည်း  လွိုင်ကော် မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့့ခြင်းကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် လူငယ် ၁၂ ဦး တရားစွဲဆိုခံထားရပြီး ကရင်နီ သမိုင်းကြောင်းစာများ ဖြန့်ဝေခဲ့ခြင်းကြောင့် လူငယ် ၈ ဦးသည် လွိုင်ကော်၊ ဖရူဆို ၊ဒီမောဆိုး၊ ဖားဆောင်း နှင့် ဘော်လခဲမြို့နယ်တို့တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့်  တရားစွဲဆိုခံထားရသည်။

ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ခန္တီးမြို့တွင်လည်း ကန့်ကွက်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သင်္ဘော ဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly