ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဂျပန်အစိုးရ ပါဝင်လုပ်ဆောင်မည်မဟုတ်

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဂျပန်အစိုးရ ပါဝင်လုပ်ဆောင်မည်မဟုတ်

ဖေဖော်ဝါရီ ၈ ။            ။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်လုပ်ဆောင်မည်မဟုတ်ဘဲ သီလဝါအထူးစီး ပွားရေးဇုန်ကိုသာ ဦးစားပေးလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama ကပြောသည်။

 "အထူးစီးပွားရေးဇုန်ဖြစ်ဖြစ် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဖြစ်ဖြစ် ကျွန်တော်တို့ ဂျပန်နိုင်ငံအရ ဘာလုပ်မယ် ဘာလုပ်ချင်လဲဆိုတာ လုပ်လိုစိတ်မရှိပါဘူး။ ကျွန်တော်တို့က အခုမြန်မာနိုင်ငံမှာ အဓိကဦးစားပေးပြီးလုပ်နေတဲ့ ဇုန်ဆိုတာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ပါတယ်" ဟု H.E. Mr. Ichiro Maruyama ကပြောသည်။

 ဖေဖော်ဝါရီ ၇ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေအိမ်တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 "ရခိုင်ပြည်နယ် စီးပွားရေးတိုးတက်ဖို့အတွက် ကျွန်တော်တို့ ဂျပန်နိုင်ငံအစိုးရ၊ ဂျပန် ပုဂ္ဂလိကကုမ္ပဏီအရ ဘာလုပ်ရင်ကောင်းသလဲဆိုတာအခုကျင်းပမယ့် Investment Forum အဲဒါကနေတစ်ဆင့် ကျွန်တော်တို့ စဉ်း စားပါမယ်။ ပြီးတော့ ကျောက်ဖြူ SEZ ဆိုတာကလည်း မြန်မာနိုင်ငံနဲ့ တရုတ်ဘက်က သက်ဆိုင်ရာ ကုမ္ပဏီများ နဲ့ ဆွေးနွေးနေတဲ့ အဆင့်ပဲရှိတဲ့အတွက် ကျွန်တော်တို့ ဘာမှမစဉ်းစားရသေးပါဘူး" ဟု H.E. Mr. Ichiro Maruyama ကပြောသည်။

 ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အကြိုလေ့လာ ဆန်း စစ်မှုများကို ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အကြံပေးကုမ္ပဏီ ရွေးချယ်ခြင်းကို ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူရွေးချယ်ခဲ့သည်။ ရင်းနှီးတည်ဆောက်မည့်ကုမ္ပဏီကို ၂၀၁၄ ခုနှစ်တွင် နိုင် ငံတကာ တင်ဒါခေါ်ယူကာ ရွေးချယ်ခဲ့ပြီး (CITIC) ကုမ္ပဏီအုပ်စုကို ရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် စီမံ ကိန်းများအတွက် တင်ဒါအောင်မြင်ကြောင်း ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃ဝရက်တွင် ကြေညာခဲ့သည်။

 နိုင်ငံတကာသတ်မှတ်ချက်နှင့် အညီ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် မူဘောင်သဘောတူညီချက် (Framework Agreement) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ရန်အတွက် Rakhine State Investment Fair 2019 ကို ဖေဖေါ် ဝါရီ ၂၁မှ ၂၃ရက်အထိ ကျင်းပသွားလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly